မြန်မာလုပ်သားတွေရဲ့ လုပ်ငန်းခွင်မှတ်တမ်းပုံတွေ လစဉ်ပေးပို့ဖို့ ညွှန်ကြား


2018.03.10
malaysia-workers-622.JPG မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမား ၁၃ဝ ကျော် ရန်ကုန်မြို့ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၈ ရက်ညပိုင်းက ပြန်လည်ရောက်ရှိလာစဉ်
Photo: Aung Thain Kha /RFA

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အတွင်း မှတ်တမ်းဓါတ်ပုံတွေ ကို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ပြုစုပြီး အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနထံ လစဉ်ပေးပို့ရမယ်ဆိုတဲ့ အစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ ခဲယဉ်း တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

စေလွှတ်တဲ့သူတွေ စာရင်းကို ဝန်ကြီးဌာနက အတိအကျပေးမှ အဲဒီစာရင်းအပေါ်မူတည်ပြီး ကောက်ရမှာဖြစ်ပြီး အဖွဲ့ချုပ်အနေနဲ့ လစဉ်ပေးပို့ဖို့ကို မလုပ်ပေးနိုင်ဘူးလို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းထွန်းက ပြောပါတယ်။

"အမိန့်ဆိုတာက ထုတ်လို့ရတယ်၊ ပြဋ္ဌာန်းလို့ရတယ်၊ အမိန့်ကြီးထုတ်ပြီး လိုက်နာနိုင်ဖို့က လိုတာကိုးဗျ၊ အကြမ်းဖျဉ်းကတော့ ဒါကမဖြစ်နိုင်ဘူး၊ လိုက်နာနိုင်ဖို့ ခဲယဉ်းတာပေါ့၊ ဘယ်အေဂျင်စီက ဘယ်လောက် ပို့တယ်ဆိုတာ၊ စေလွှတ်တဲ့စာရင်းက ကျနော်တို့ မသိဘူးလေ၊ ဝန်ကြီးဌာနကပဲသိတော့ ဝန်ကြီးဌာနက စေလွှတ်တဲ့ စာရင်းအတိအကျပေးမှ အဲဒီစာရင်းကိုမူတည်ပြီး သူတို့အေဂျင်စီတွေဆီက ကောက်ရမယ်၊ စုရမယ်၊ လတိုင်းကျတော့ ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကျတော့ မလုပ်ပေးနိုင်ဘူး၊ အေဂျင်စီတွေက ကျနော်တို့ကို ပေးမယ်၊ မပေးဘူးဆိုတာလည်း မသိသေးဘူးလေ"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရကို ပြန်လည်အကြံပြုဖို့အတွက် MOEAF က ဒီနေ့ အစည်းအဝေး ပြုလုပ်နေပါတယ်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကတဆင့် ပြည်ပနိုင်ငံတွေဆီ တရားဝင်စေလွှတ်ထားတဲ့ မြန်မာအလုပ်သမားတွေ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု မရှိစေဖို့၊ အဆင်ပြေမှု ရှိမရှိ သိနိုင်ဖို့နဲ့ ဆက်သွယ်မှု မပြတ်ရှိစေဖို့အတွက် လုပ်ငန်းခွင်အတွင်းက ဓါတ်ပုံတွေကို လစဉ်ပေးပို့ဖို့ဆိုပြီး အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက မနေ့က ညွှန်ကြားချက် ထုတ်လိုက်တာဖြစ်ပါတယ်။

ဓါတ်ပုံတွေပေးပို့တဲ့အခါ နိုင်ငံ၊ စက်ရုံနာမည်လိပ်စာတွေ အပြည့်အစုံဖော်ပြထားတဲ့ Photo Caption တွေနဲ့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ပြုစုပြီး လစဉ် လဆန်း ၅ ရက်နေ့အရောက် ပေးပို့ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။