မြန်မာအမျိုးသမီးကို ထိုင်းရဲအရာရှိ အဓမ္မပြုကျင့်မှု ရုံးချိန်းရွှေ့ဆိုင်း
2021.01.18

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းက ဘူဖတ်ရဲစခန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံနေရတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲအရာရှိတဦးက အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့ တရားရုံးမှာ စစ်ချက်ယူဖို့ကိစ္စကို တရားရုံးက ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
တရားစွဲခံရတဲ့ ထိုင်းရဲအရာရှိ ရုံးချိန်းကို လာရောက်ခဲ့သလို၊ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးဘက်က ထိုင်းအစိုးရရှေ့နေလည်း တက်ရောက်ခဲ့ပေမဲ့ စစ်ဆေးချက်ယူတာ မရှိဘဲ ရက်ရွှေ့လိုက်တာလို့ မြန်မာသံရုံးဘက်က ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဒါ့အပြင် မနေ့ကပဲ ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ မြန်မာသံအရာရှိတို့ တွေ့ဆုံခဲ့ပြီး အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးကို ဘိုဖတ် ရဲစခန်းကနေ လုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့လိုက်ပြီလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ် ၂ နှစ်နဲ့ ၉ လချခံရပြီး ချုပ်ရက်စေ့လို့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ လဝက ကနေ ဘိုဖတ်ရဲစခန်းမှာ ခဏချုပ်ထားချိန်မှာ ထိုင်းရဲအရာရှိရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းရဲအရာရှိကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီး မုဒိမ်းမှု၊ တာဝန်လစ်ဟင်းမှု၊ အချုပ်သားလွတ်မြောက်မှုနဲ့ တာဝန်မကျေပွန်မှု စတဲ့ အမှု လေးမှုနဲ့ တရားစွဲဆိုထားတယ်။ ဒါပေမဲ့ အဲဒီ ရဲအရာရှိဟာ အခုအချိန်မှာ ဘတ်ငွေ လေးသိန်းနဲ့ အာမခံ ရရှိထားတယ်လို့ ဆိုပါတယ်။