မြန်မာလက်နက်ကြီး တရုတ်ဘက်ကျခဲ့ကြောင်း တရုတ်အစိုးရပြော
2013.01.18

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်ပြည်ပိုင်နက်အတွင်း နယ်စပ်ကနေ ကိုက်ငါးရာကျော်အထိ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူအသေအပျောက်တော့မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ပြည်အနေနဲ့ အလွန်တရာမကျေမနပ်ဖြစ်ရကြောင်း မြန်မာအစိုးရကို အသိပေးပြောဆိုခဲ့ပြီး၊ နောက်နောင် ဒီလိုကိစ္စမျိုး ထပ်ပြီးမဖြစ်ပွားရအောင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဟုန်လီ က ပြောပါတယ်။
ဒါ့ပြင် တရုတ်ပြည်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းက အခြေအနေတွေနဲ့ နယ်စပ်ဒေသအပေါ် သက်ရောက်မှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ မြန်မာပြည်ဘက်က စစ်ရေးပဋိပက္ခတွေ ယူနန်ပြည်နယ်အတွင်း ရိုက်ခတ်မှုမရှိအောင်လည်း ဖိဖိစီးစီးဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရနဲ့ KIO တို့ကိုလည်း ပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က ပြောကြားခဲ့ပါတယ်။