ကြီးလေးတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို လွှဲပြောင်းပေးဖို့ ထိုင်းနဲ့ မြန်မာ သဘောတူ
2024.07.03

ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေအဖြစ် သံသယရှိသူတွေကို အပြန်အလှန် လဲလှယ်ဖို့ ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့တွေအကြား သဘောတူချက်တစ်ရပ် မကြာခင်က လက်မှတ်ရေးထိုးခဲ့တယ်လို့ ထိုင်းရဲချုပ်က RFA ကို ပြောပါတယ်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဘန်ကောက်မြို့၊ ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်ကို ပြီးခဲ့တဲ့အပတ်က လာရောက်စဉ်မှာ ဒီသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တာလို့ ထိုင်း ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အီထိုင်ပေါင် အချာရီရာမရာဒစ် (Itthipol Achariyapradit) က ပြောတာပါ။
ဒီသဘောတူညီချက်ဟာ လူသတ်မှု၊ မူးယစ်ဆေးမှောင်ခိုမှုနဲ့ လူကုန်ကူးမှုလို ကြီးလေးတဲ့ အမှုတွေအတွက်ပဲ ဖြစ်ပြီး၊ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေ ဒီလိုရာဇဝတ်မှု ကျူးလွန်ပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့အခါ နှစ်နိုင်ငံရဲတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ဖမ်းဆီးပြီး၊ လွှဲပြောင်းအရေးယူမယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်ရောက်ဖို့ ဆင့်ခေါ်ခံရတာကို ရှောင်လွှဲဖို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ မြန်မာနိုင်ငံသားတွေကိုရော ဒီသဘောတူညီချက်အရ ဖမ်းဆီးပြီး ပြန်ပို့မှာလား ဆိုတာကို RFA က မေးမြန်းရာမှာတော့၊ မြန်မာအာဏာပိုင်တွေဘက်က ဒီကိစ္စကို ပြောလာတာ မရှိသေးဘူးလို့ သူက ပြောပါတယ်။