ယင်းမာပင် လည်ငေါက်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ၊ လေးဦး သေဆုံး

2022.05.31
ယင်းမာပင် လည်ငေါက်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ၊ လေးဦး သေဆုံး စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာ မီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာမှ နေအိမ်အပျက်အစီးများကို တွေ့ရစဥ်
ဓါတ်ပုံ - ယင်းမာပင် သတင်းမှန် ပြန်ကြားရေး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က နှစ်ရက်ဆက် မီးရှို့ခံခဲ့ရတဲ့ လည်ငေါက်ကျေးရွာမှာ သေဆုံးသူ အမျိုးသားရုပ်အလောင်း လေးလောင်းတွေ့ရပြီး ရွာလုံးကျွတ်နီးပါး မီးလောင် ကျွမ်းတာကို တွေ့ခဲ့ရတယ်လို့ ယင်းမာပင်မြို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်က မေလ ၃၀ ရက်နေ့မှာ ရွာကနေ ပြန်ထွက်သွားခဲ့လို့ ရွာထဲဝင်လို့ရချိန်မှာ သေဆုံးသူ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
"အဲဒီမှာ သုံးပုံ နှစ်ပုံလောက် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်။ အနည်းဆုံး အိမ် လေးငါးဆယ် လောက်တော့ ကျန်ရင် ကျန်မှာပေါ့။ အပြစ်မဲ့ အရပ်သားပြည်သူလေးဦးကို ကြေးနန်းကြိုးတွေနဲ့ လက်နောက်ပြန် တုပ်ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အနေအထားရှိတယ်။ လည်ငေါက်ကျေးရွာက တကယ်တော့ လမ်းဘေးကရွာ။ စစ်ကြောင်း တွေ အဲဒီရွာက ဖြတ်တာ ဖယ်ပေးကြရတာပဲ။ ဒေသခံတွေ ပြေးကြ၊ လွှားကြတာပဲ"
 
သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
 
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ အဲဒီရွာဟာ အခုဆိုရင် အိမ်ခြေစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံခန့်ဟာ မီးလောင်ကျွမ်းသွားပြီလို့ ပြောပါတယ်။
 
ဒါ့အပြင် မေလ ၂၉ ရက်နေ့က ရွာထဲကို ပြန်ဝင်လာတဲ့ အမျိုးသမီးနှစ်ယောက်ဟာလည်း ပစ်ခတ်ခံခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
 
လည်ငေါက်ကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ မေလ ၂၇ ရက်ကစလို့ တပ်စွဲခဲ့ပြီး အဲဒီညမှာ တစ်ကြိမ်၊ မေ ၂၈ မနက်မှာ တစ်ကြိမ် မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရွာတွေ မီးရှို့ခံရတာတွေဟာ PDF တွေ လုပ်ဆောင်တာလို့ ပြန်လည်စွပ်စွဲတုံ့ပြန်ထားပါတယ်။
 
မေလ ၂၈ ရက် ည ၁၂ နာရီကစလို့ အဲဒီ ယင်းမာပင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းက မြို့နယ် ၁၀ ခုဟာ နောက်နေ့ ညနေ ၄ နာရီဝန်းကျင်အထိ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံခဲ့ရပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာအရ နေအိမ်ပေါင်း တစ်သောင်း ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ၂၅၆ လုံး ပါဝင်နေ တာကို Data For Myanmar ရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။