ဘီးလင်းမြို့မှာ ၁၅ ရက်အတွင်း ဒေသခံ ၂၂ ဦး အဖမ်းခံရကြောင်း KNU ထုတ်ပြန်

2022.07.04
ဘီးလင်းမြို့မှာ ၁၅ ရက်အတွင်း ဒေသခံ ၂၂ ဦး အဖမ်းခံရကြောင်း KNU ထုတ်ပြန် စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ခဲ့သည့် ဘီးလင်းမြို့နယ်က နေအိမ်တွေကို တွေ့ရစဥ်
Photo: KNU
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်သားတွေက ဒေသခံ ၂၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဇူလိုင်လ ၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
 
စစ်ကြောင်းဝင်ရောက်တဲ့ ၁၅ ရက်အတွင်း ကော်ဟဲရွာက အသက် (၁၃) နှစ်အရွယ် ကျောင်းသား တစ်ဦး အပါအဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစတဲ့ရွာတွေက ဒေသခံ စုစုပေါင်း ၂၂ ဦးကို ဖမ်းသွားတာလို့ KNU က ဆိုပါတယ်။
 
ဒီအတောအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA / KNDO တပ်တွေ ထိတွေ့တိုက်ပွဲ (၈) ကြိမ် ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကြောင့် လူနေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့လည်း ပါရှိပါတယ်။
 
စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတဲ့ ဒေသခံတွေနဲ့ စျေးဆိုင်တွေက ပစ္စည်းတွေရဲ့ တန်ဖိုးဟာ စုစုပေါင်း သိန်း ၈၀ ကျော်ရှိတဲ့အပြင် ကြက် ၈၉ ကောင်၊ ဆိတ်လေးကောင်နဲ့ အိမ်တွင်းပစ္စည်း များစွာပါဝင်တယ်လို့ စာရင်းနဲ့တကွ ဖော်ပြထားပါတယ်။
 
ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းသွားတာလို့ KNU ကပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
 
ဘီးလင်းမြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းသုံးခုဟာ တပ်မ - ၄၄ လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ဒါ့အပြင် ဇူလိုင်လ ၂ ရက်နေ့မှစပြီး KNU ရဲ့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကောင်စီ တပ်တွေ ဝင်ရောက် လှုပ်ရှားတာကြောင့် စာသင်ကျောင်းပေါင်း ၁၃ ကျောင်း မဖွင့်လှစ်နိုင်ဘဲ ဒေသခံတွေအပြင် ကျောင်းသား၊ ကျောင်းသူ ၇၅၃ ဦးနဲ့ ဆရာ၊ ဆရာမ ၆၉ ဦးပါ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။