ရုရှားသင်္ဘောပါ မြန်မာတွေ တရားဝင်သင်္ဘောသားအဖြစ်က ငါးဖမ်းအလုပ်လုပ်ခဲ့ရ
2015.04.06

ရုရှားနိုင်ငံအရှေ့ဖျားက ပင်လယ်ထဲမှာ ဧပြီလ (၁) ရက်နေ့က နစ်မြုပ်သွားတဲ့ ငါးဖမ်းသင်္ဘောပေါ် က မြန်မာ အလုပ်သမားတွေဟာ ငါးဖမ်းတဲ့အလုပ် လုပ်ရမယ်လို့ ကြိုတင်သိရှိထားတာမဟုတ်ပဲ သမရိုးကျ နိုင်ငံခြားသင်္ဘောသားအဖြစ် အလုပ်လုပ်ဖို့ ရန်ကုန် အခြေစိုက် ကုမ္ပဏီတွေကနေတဆင့် အကျိုးဆောင် ခပေးပြီး တရားဝင်ထွက်သွားပြီးမှ၊ အဲ့ဒီရုရှားငါးဖမ်း သင်္ဘောမှာ အလုပ်လုပ်နေခဲ့ရသူတွေ ဖြစ်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားတဲ့ စာရင်းအရ ပျောက်ဆုံးစာရင်းမှာပါနေတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က အသက် (၃၅) နှစ်အရွယ် ကိုသိန်းထွန်းရဲ့ မိသားစုကို ဆက်သွယ်စုံစမ်းတဲ့အခါ သူ့အကိုဟာ ရန်ကုန်မြို့အခြေစိုက် Sea Rider ကုမ္ပဏီကနေတဆင့် နိုင်ငံခြားသဘောၤတက်ဖို့ ပြီးခဲ့တဲ့နိုဝင်ဘာ လမှာ ရန်ကုန်ကနေ တရားဝင်ထွက်သွားတာဖြစ်ကြောင်း၊ ငါးဖမ်းတဲ့အလုပ်လုပ်ရမယ်လို့ ကြိုတင်မသိခဲ့ရပဲ ၊ ရုရှားရောက်မှသိရပြီး၊ အဲ့ဒီအလုပ်ကိုမလုပ်ချင်ပဲ လုပ်နေခဲ့ရတဲ့အကြောင်း ညီဖြစ်သူ ကိုမျိုးဝင်းက RFA ကိုပြော ပါတယ်။
"မန်နေဂျင်းဒါရိုက်တာကတော့ ဦးစိုးတင့်ဆိုပြီးတော့ ဒီလောက်ပဲ ကျနော်သိထားတယ်၊ သူ့ဆီဖုန်း ဆက်တော့လည်း ဖုန်းတွေကလုံးဝ ဆက်သွယ်လို့မရဘူးပေါ့နော်၊ ဒီတစ်ခေါက်တက်ဖို့အတွက်ကို ကျနော်တို့ ၂၅ သိန်းပေးလိုက်ရတယ်၊ အဲ့ဒီဲ့ကုမ္ပဏီနဲ့ပဲ သူတို့ကသွားတာ၊ သွားတော့ ငါးဖမ်းသင်္ဘော မှန်းတော့ မသိဘူးပေါ့နော်၊ ဟိုရောက်တော့မှ ကျနော်အစ်ကို ဟိုကနေပြီးတော့ အသံဖိုင်တွေ ပို့ထားတာတွေလည်းရှိတယ်၊ ဘိုက်ဘာထဲကနေပြီးတော့ သူပို့ထားတာတွေရှိတယ်၊ နောက်တစ်ခါ သူ ဟိုမှာအဆင်မပြေတဲ့အကြောင်း၊ လစာတွေကလည်း ဒီမှာပြောတာနဲ့ ဟိုမှာပေးတာနဲ့ တလွဲဖြစ်နေ တာတွေ ပြီးတော့ အချိန်တွေကလည်း တအားကြီးလုပ်နေရတာတွေ ပြီးတော့ စာချုပ်လည်း မချုပ်ပေး တာတွေဘာတွေလာတွေပေါ့နော်၊ သူဟိုဘက်ကနေပြီးတော့ အဆင်မပြေကြောင်းကို သူအဲ့မှာ ၂၄ ရက်နေ့ မတိုင်ခင်အထိကို ကျနော်တို့ကို ပြောပြသွားတယ်၊ ပြောပြပြီး ၂၄ ရက်နေ့နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားတာပဲ၊ အခုဆုံးသွားတဲ့ အစ်ကိုဆိုလို့ရှိရင်လည်း ကျနော်တို့ အိမ်ကမိဘ အားထားရာ တစ်ယောက်ပေါ့နော်၊ သူအဲ့လိုဆုံးရှုံးသွားတဲ့အတွက်မှာ အမေဆိုလို့ရှိရင်လည်း လုံးဝ ဝမ်းနည်းပက်လက်ဖြစ်ရပါတယ်"
အခုလိုသင်္ဘောနစ်ပြီး နောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့လည်း မိသားစုတွေဟာ အင်တာနက် စာမျက်နှာတွေ ကနေတဆင့်ပဲ စုံစမ်းနေရပြီး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအပါအဝင် အစိုးရ တာဝန်ရှိသူတွေက ဆက်သွယ် အကြောင်းကြားတာမရှိသလို၊ Sea Rider ကုမ္ပဏီက တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်လို့မရသေးဘူးလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ သင်္ဘောသားတွေအတွက် ကျန်ရစ်သူမိသားစုတွေကို ရုရှားအလုပ်သမားဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၁ သောင်း ၇ ထောင်ကျော်နဲ့ညီမျှတဲ့ ရုရှား ရူဘယ်ငွေ ၁ သန်းစီ ဂရုဏာကြေး ချီးမြှင့်မယ်လို့ သိရပေမဲ့၊ မိသားစုတွေကို ဘယ်သူကတာဝန်ယူပြီး ပေးအပ်မယ်ဆိုတာလဲ မသိရသေးဘူးလို့ဆိုပါတယ်။
အသက်ရှင်သူစာရင်းထဲမှာပါတဲ့ အသက် (၂ဝ) ကျော် သင်္ဘောသားတစ်ဦးဆိုရင် ဒလမြို့နယ် သင်္ဘောကျင်းက အငယ်တန်း အင်ဂျင်နီယာ သုံးနှစ် သင်တန်းဆင်းဖြစ်ပြီး၊ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသင်္ဘောလိုက်ဖို့ တရားဝင်သင်္ဘောသားလက်မှတ်နဲ့ ထွက်သွားတာလို့သိရပါတယ်။
အဲ့ဒီရုရှားငါးဖမ်းသင်္ဘောမှာ မြန်မာအလုပ်သမား (၄၂) ဦးပါရှိပြီး၊ သင်္ဘောနစ်မြုပ်ပြီးတဲ့နောက် ၂၂ ဦးကို အသက် ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပေမဲ့၊ တစ်ဦးသေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေသေးတဲ့အကြောင်း အဲ့ဒီပင်လယ်ပြင် ဟာ ရေခဲမှတ်ရောက်အောင် အေးတဲ့ဒေသဖြစ်တဲ့အတွက် အသက်ရှင်ဖို့ခက်ခဲတဲ့ နေရာဖြစ်ကြောင်းသိရသလို၊ အဲ့ဒီသင်္ဘောပေါ်က ငါးဖမ်းလုပ်သားတွေဟာ တရားမဝင် အလုပ်သမားတွေ ဖြစ်တယ်လို့လည်း သတင်းတွေ မှာဖေါ်ပြခဲ့ပါတယ်။
ဒါပေမယ့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သင်္ဘောနစ်ပြီးနောက်ရက်မှာပဲ အဲ့ဒီသင်္ဘောမှာပါသွားတဲ့ မြန်မာ အလုပ်သမားတွေရဲ့ စာရင်းကိုထုတ်ပြန်ခဲ့သလို၊ အဲ့ဒီအလုပ်သမားတွေကို ငါးဖမ်းအလုပ်သမားတွေလို့ ဖေါ်ပြ ထားတာမဟုတ်ပဲ၊ အားလုံးကို နည်းပညာရှင် အကြံပေးတွေအဖြစ် ဖေါ်ပြထားပါတယ်။
နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘောပေါ်က မြန်မာအလုပ်သမား ကိုသိန်းထွန်းရဲ့ ညီဖြစ်သူ ကိုမျိုးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။