မြန်မာဒုက္ခသည် ၁၇ဝဝ ကျော်ကို ထိုင်းနယ်စပ်မှာ ခိုလှုံခွင့်ပေးထား

2022.04.01
မြန်မာဒုက္ခသည် ၁၇ဝဝ ကျော်ကို ထိုင်းနယ်စပ်မှာ ခိုလှုံခွင့်ပေးထား ထိုင်းနယ်စပ်မှာ ခိုလှုံနေသည့် မြန်မာစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် တွေ့ရစဥ်
Photo: Friends Without Borders Foundation
ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည် ၁၇ဝဝ ကျော်ကို နေထိုင်နိုင်ဖို့ ထိုင်းနယ်စပ်မှာ စီစဉ်ပေးထားတယ်လို့ ထိုင်းနိုင်ငံက ဒီကနေ့ထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
 
မြန်မာဒုက္ခသည် ၁၇၅၉ ဦးကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းက နယ်စပ်ရွာသုံးခုမှာ ယာယီခိုလှုံ နိုင်ဖို့ စီစဉ် ပေးထားတဲ့အကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးက ကိုယ်စားလှယ်တို့ တာ့ခ်ခရိုင်မှာ ကြာသပတေးနေ့က တွေ့ဆုံတဲ့ အချိန်မှာ ပြောခဲ့ကြတာပါ။
 
ကရင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ နှစ်ပတ်ကဖြစ်ပွားခဲ့တဲ့ KNLA ကရင်အမျိုးသားလွတ်မြောက် ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
 
ထိုင်းဘက်ကိုရောက်လာတဲ့ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ဆက်ပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကို နယ်စပ်ကနေ မဖြတ်ကြဖို့ ကိုလည်း ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။
 
KNLA တပ်ဖွဲ့တွေက ဝိုင်းထားတာကို ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာလောက်ကို ပြန်ကယ်တင်နိုင်ဖို့ မြန်မာစစ်တပ်က လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရှိန်မြှင့်တိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Nation သတင်းမှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။