ထိန်းသိမ်းခံထားရသူအားလုံး လွှတ်ပေးဖို့ အဖွဲ့တစ်ရာနီးပါး အိန္ဒိယအစိုးရကို တောင်းဆို

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2023.03.02
ထိန်းသိမ်းခံထားရသူအားလုံး လွှတ်ပေးဖို့ အဖွဲ့တစ်ရာနီးပါး အိန္ဒိယအစိုးရကို တောင်းဆို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြသည့် မြန်မာဒုက္ခသည်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ဖာကောန်ကျေးရွာရှိ ယာယီစခန်းတစ်ခုတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့က တွေ့ရစဉ်။
AFP

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာထောင်မှာ ထိန်းသိမ်းခံ ချင်းဒုက္ခသည်တစ်ဦး သေဆုံးမှုကို ပွင့်လင်းမြင်သာမှုရှိရှိ အမှန်တရားဖော်ဆောင်ပေးဖို့နဲ့ ထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့အပါအဝင် အချက်လေးချက်ကို အရပ်ဖက်အဖွဲ့အစည်း တစ်ရာနီးပါးက ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရထံ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက် လေးချက်ထဲက အဖမ်းခံထားရသူအားလုံး လွှတ်ပေးဖို့နဲ့ ဆက်ပြီး ဖမ်းဆီးတာတွေမလုပ်ဖို့ ဆိုတဲ့ အချက် တစ်ချက် အောင်မြင်ဖို့ မျှော်လင့်တယ်လို့ ဦးဆောင်တောင်းဆိုတဲ့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ် က ပြောပါတယ်။

“ဒီမိုကရေစီအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ သူတို့ဆီ အကူအညီတောင်းတဲ့သူတွေကို ဖမ်းဆီးထောင်ချတာ၊ သေဆုံးတဲ့အထိဖြစ်သွားစေတာက ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုကြီးစွာ သူတို့ဖြေရှင်းပေးဖို့ အများကြီးမျှော်လင့်ထားတယ်။ သေဆုံးသွားတဲ့ ကျွန်တော်တို့ပြည်သူတစ်ဦးအပေါ် ငဲ့ညှာသောအားဖြင့် တစ်ခုခုအပြောင်းအလဲဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့တောင်းဆိုတဲ့အချက် လေးချက်ထဲမှာ ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့နဲ့ ဆက်လက်မဖမ်းဆီးရေး ဆိုတဲ့အချက်တစ်ခုလောက်တော့ အောင်မြင်ချင်ပါတယ်။”

အင်ဖာအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် ကူကီးချင်းလူမျိုး ကိုလမ်းခိုချွန်းဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရုတ်တရက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ရပ်တည်အားပေးဖို့၊ မဏိပူရ်မှာ သေဆုံးသွားတဲ့ ထိန်းသိမ်းခံတစ်ဦးအတွက် အမှန်တရားဖော်ဆောင်ပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းခံအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ထပ်မံမဖမ်းဆီးဖို့၊ မြန်မာပြည်တွင်းအခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံဆီ ထွက်ပြေးရောက်ရှိလာသူတွေကို ယာယီခိုလှုံခွင့်ပေးဖို့ ဆိုတဲ့ အချက်လေးချက်ကို မတ်လ ၂ ရက်နေ့က ထုတ်ပြန်တောင်းဆိုတာဖြစ်ပါတယ်။

မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံလာသူတွေကို မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ယာယီခိုလှုံသူတွေ၊ ဒုက္ခသည်တွေလို့ မသုံးနှုန်းဘဲ တရားမဝင်တွေလို့ သုံးနှုန်းလေ့ရှိပြီး မြန်မာဒုက္ခသည်တွေကို မဏိပူရ်ဒေသခံတွေ အကူအညီမပေးရဲအောင် ဖိအားပေးလေ့ရှိတယ်လို့ ဆလိုင်းဒိုခါရ် က ပြောပါတယ်။

ကြေညာချက်ထုတ်တောင်းဆိုရာမှာ India For Myanmar အပြင် သွေးစွန်းငွေဖြတ်တောက်ရေး - Blood Money Campaign(Myanmar)၊ ကူကီးကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ တိုင်းရင်းသားလူငယ်များ အထွေထွေသပိတ်ကော်မတီ၊ မန္တလေးသပိတ်အင်အားစု၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၊ မန္တလေးအရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် စတဲ့ အဖွဲ့တွေအပြင် လုံခြုံရေးအရ အမည်အတိအကျမဖော်ပြထားတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူ မြန်မာဒုက္ခသည် ခြောက်သောင်းကျော်ရှိပြီး မဏိပူရ်ပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၇၀ ကျော် ရှိတယ်လို့ India For Myanmar စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။