ကလေးငယ် ၅ သန်းခွဲကျော် အရေးပေါ်အကူအညီ လိုနေကြောင်း UNICEF ပြော

2023.01.03
ကလေးငယ် ၅ သန်းခွဲကျော် အရေးပေါ်အကူအညီ လိုနေကြောင်း UNICEF ပြော ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့သို့ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ခွန်ကျော်ရွှေ

မြန်မာနိုင်ငံက ကလေးငယ် ၅ ဒသမ ၆ သန်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ တစ်နိုင်ငံလုံးမှာ အရှိန်မြင့်နေပြီး ကလေးငယ် ၅ ဒသမ ၆ သန်းအပါအဝင် ခန့်မှန်းလူဦးရေ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ UNICEF က ဖော်ပြထားပါတယ်။

UNICEF အနေနဲ့ ဒီကလေးငယ်တွေအတွက် ဘက်စုံလိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ ၁၆၉ ဒသမ ၆ သန်း လိုအပ်တယ်လို့လည်း ဆိုပါတယ်။

UNICEF ရဲ့ ဖော်ပြချက်အရ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ ၁၇ ဒသမ ၆ သန်းအနက် ၂ ဒသမ ၈ သန်းဆီကိုသာ ထောက်ပံ့ကူညီမှုတွေ ရောက်နိုင်သလို ကလေးငယ် ၅ ဒသမ ၆ သန်းမှာလည်း ၁ ဒသမ ၉ သန်းဆီကိုသာ အကူအညီတွေ ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Save the Children အဖွဲ့ကလည်း မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှု တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၄ သန်း ကျော်ရှိနေပြီး အဲဒီအထဲမှာ ကလေးငယ် ငါးသိန်းနှစ်သောင်း ပါဝင်တယ်လို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

Save the Children ရဲ့စာရင်းထဲမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ငါးနှစ်ကျော်ကြာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေ မပါဝင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။