သတင်းထောက် ကိုဆွေဝင်းကို အရေးယူပေးရေး တောင်းဆိုဖို့ လက်မှတ်ကောက်ခံ


2017.03.30
swewin-620.jpg Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo : Thant Zin Oo/RFA

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုနဲ့ သာသနာရေးဦးစီးဌာနက အရေးယူပေးဖို့အတွက် တောင်းဆိုဖို့ မန္တလေးမြို့က မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဦးဆောင်ပြီး လက်မှတ်တွေ ကောက်ခံနေပါတယ်။

မဘသဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေမှာ ကိုဆွေဝင်း ပြောကြားခဲ့တာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ကို ညှိုးနွမ်းစေတာကြောင့် အခုလိုအရေးယူပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ ဆရာတော်ဘဒ္ဒ န္တ ဣန္ဒောဘာသ ကမိန့်ကြားပါတယ်။

"ဆွေဝင်းအနေနဲ့ မြန်မာနိုင်ငံမှာအကြီးဆုံး စာသင်တိုက်ကြီးဖြစ်တဲ့ မစိုးရိမ်စာသင်တိုက်ရဲ့ နာယက ဆရာတော်တစ်ပါးကို ဒုစရိုက်သမား သင်္ဃန်းအရေခြုံထားတဲ့ ပါရာဇိကကျပြီးသားပုဂ္ဂိုလ်လို့ ပြောလိုက် တဲ့ဟာက ဆရာတော်ဦးဝီရသူတစ်ပါးတည်းကို ထိခိုက်တာမဟုတ်ဘဲနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေ အကုန်လုံးကို ထိခိုက်စေတယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို ညှိုးနွမ်းစေတဲ့ အပြုအမူတွေဖြစ်လို့ ဦးဇင်းတို့ကနေ သံဃာတော်တွေရော၊ ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေကရော အကုန်လုံး လက်မှတ်ထိုးပြီးတော့ တောင်းဆိုတာ"

ရဟန်းသံဃာတော်၊ သီလရှင်၊ ပြည်သူတချို့ ဆီက ဒီနေ့အထိ လတ်မှတ်ပေါင်း ၄ သောင်းနီးပါး ကောက်ခံရရှိ ထားပြီး ဖြစ်တယ်လို့ ဆရာတော်ဘဒ္ဒ န္တ ဣန္ဒောဘာသ က မိန့်ကြားပါတယ်။

လတ်မှတ်တွေကို ယခုလ ၂၆ ရက်နေ့ကနေ ကောက်ခံနေတာဖြစ်ပြီး ဧပြီလ ၃ ရက်နေ့ နောက်ဆုံးထားကောက်ခံ သွားမှာဖြစ်သလို ဧပြီ ၄ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနကို ပေးပို့တောင်းဆိုသွားမယ် လို့ သိရပါတယ် ။

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ မဘသဆရာတော် ဦးဝီရသူကို ပါရာဇိက ကျသွားပြီလို့ ရဟန်းတော်တစ်ပါးက မိန့်ကြားထားတာ ပါရှိတဲ့သတင်းကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဝေမျှခဲ့တဲ့ အတွက် မန္တလေးမြို့ခံ မဘသ အဖွဲ့ဝင်တစ်ယောက်ကလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။

ကိုဆွေဝင်းဘက်ကလည်း ဦးဝီရသူကို အရေးယူပေးဖို့အတွက် သာသနာရေး ဦးစီးဌာနကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။