ကန့်သတ်စစ်ဆိုတာ လက်မခံကြောင်း ဦးတင်ဦး ပြော


2016.11.24
myanmar-national-day-620 ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ကကျင်းပတဲ့ ၉၆ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦး မိန့်ခွန်းပြောကြားစဉ်
Photo: Thiha Tun/RFA

ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကန့်သတ်စစ်ဆိုတာကို လက်မခံနိုင်ကြောင်း နဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ထားကြောင်း ဦးတင်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်မှာ ဒီနေ့ ကျင်းပတဲ့ ၉၆ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ နာယက သူရဦးတင်ဦးက ပြောလိုက်တာဖြစ်ပါတယ်။

"အခုပြောတဲ့ ဒါဟာကန့်သတ်စစ်ဆိုတဲ့ စကားလုံးကိုပြောတယ်။ဒါကို ကျနော် လက်မခံပါဘူး။ ဒါကသမရိုးကျ တိုက်ရတဲ့ အခြေခံပြောတာပါ။ ဒီအခြေအနေထိကို မရောက်ပါဘူး။ ခုဟာက ကပေါက်တိ ကပေါက်ချာ စုပေါင်းပြီး ပစ်တာခတ်တာလောက်ပဲရှိပါတယ်။ ဒီလိုပြောရင် ကျွန်တော်နှိမ်ပြောတာလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ခေါင်းဆောင်က ပြောပြောနေတဲ့ဟာက လာပါ၊ ပစ်ခတ်ပြီး လုပ်ကိုင်နေတဲ့ဟာတွေ မစဉ်းစားကြပါနဲ့၊ လက်နက်တွေ ဘေးခဏချထားကြပါ။ လိုချင်တာပြောပါ၊ ညှိနှိုင်းကြပါ ဆွေးနွေးကြပါ၊ ပြောတဲ့အခါမှာလည်း ပဲ ဖြစ်နိုင်တာပြောပါ လုပ်လို့ရမယ့်ဟာ ပြောပါ။ ပေးနိုင်တာ ကိုပြောပါ ယူနိုင်တာကိုပြောပါ၊ ညှိကြပါ ပြုကြပါ ဆိုတာဟာ အင်မတန်ကို မေတ္တာနဲ့ သစ္စာစကားကို အမြဲပြောပြောပြီးတော့ စည်းရုံးနေတဲ့ ခေါင်းဆောင်ဖြစ် ပါတယ်"

ဒါ့အပြင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက သူတို့အပေါ် ဘယ်လောက်အကျိုးပြုနိုင်သလဲ ဆိုတဲ့အချက်ကို စောင့်ကြည့်ပြီးဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အင်္ဂလိပ်အစိုးရအုပ်ချုပ်စဉ် ၁၉၂၀ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်း သားတွေခေါင်းဆောင်ပြီး အင်္ဂလိပ် ကိုလိုနီအစိုးရက ရေးဆွဲထားတဲ့ ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။