ဆီဆိုင်နဲ့ ဟိုပုံးမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ဦးဒဏ်ရာရ
2024.03.17

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်ကို စစ်ကောင်စီတပ်က မတ်လ ၁၆ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ကပ္ပိယတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က မတ်လ ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဆီဆိုင်မြို့အနောက်မြောက်ဘက် ရွှေဟင်္သာဘုရားကုန်းကို ဗုံးကြဲတိုက်ခိုက်တာမှာ ဘုန်းကြီးနဲ့ ကပ္ပိယတို့ ဒဏ်ရာရရှိခဲ့တာပါ။
ဒီအပြင် ဟိုပုံးမြို့နယ် ကျောက္ကဆျာရွာကိုလည်း မတ်လ ၁၆ ရက်နေ့လယ်၂ နာရီဝန်းကျင်မှာ ပေါင်ငါးရာဗုံးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ်လေးလုံး ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ PNLA တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲစတင်တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နောက်ပိုင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၄၉ ဦးသေဆုံးခဲ့ပြီး နောက်ထပ် လူခြောက်ဆယ် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံး (PYO) က မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအပြင် ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်းက လူဦးရေ တစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။