ရှမ်းမြောက် တရုတ်ပိုက်လိုင်းတစ်လျှောက် တိုက်ပွဲတွေကြောင့် အရပ်သား ဆယ်ဦးသေဆုံး
2024.01.25

ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအနီးမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေ ကြောင့် အရပ်သားဆယ်ဦး သေဆုံးပြီး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
တရုတ်ရေနံနဲ့ သဘာဝ ဓာတ်ငွေပိုက်လိုင်းအနီးမှာရှိတဲ့ နမ္မတူ၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီပိုက်လိုင်းတစ်လျှောက်မှာ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပိုက်လိုင်းပေါက်ကွဲပြီး ထိခိုက်မှုတွေ ရှိလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
အရပ်သား ထိခိုက်သေဆုံးမှု စာရင်းတွေကိုတော့ မြေပြင်ကပေးပို့တဲ့ အချက်အလက်တွေကို ကောက်ယူဖော်ပြတာ ဖြစ်ပြီးတော့ ဒီအချက်အလက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပို့ပေးသွားမယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က RFA ကို ဒီနေ့ပြောပါတယ်။
“အချက်အလက်တွေကိုတော့ သက်ဆိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပို့ပေးသွားမယ်။ စစ်အာဏာ သိမ်းထားတဲ့ကာလမှာ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တရုတ် အပါအဝင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေ ထွက်သွားဖို့အတွက် တောင်းဆိုဖို့ရှိတယ်”
တရုတ် အပါအဝင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့လည်း စစ်ကောင်စီက မည်သူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကိုမှ ကာကွယ်ပေးနိုင်တာ မရှိတဲ့အပြင် အန္တရာယ် ဖိတ်ခေါ်နေသလို ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံတာတွေ နှုတ်ထွက်သင့်တယ်လို့ သူကဆိုပါတယ်။
အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ နမ္မတူမြို့နယ်က အများဆုံး ဖြစ်တယ်လို့လည်းဆိုပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းစီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။