စစ်ကောင်စီတပ်သား နှစ်ဆယ်သေ၊ ၄၈ ဦး လက်နက်ချပြီး ၃၁ ဦး ထိုင်းနိုင်ငံဘက်ပြေး
2024.05.24

Updated 5:17 PM May 24, 2024
ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲ ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာအနီးက ဖုချိမု စစ်ကောင်စီစစ်စခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ မေ ၁၉ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ KNLA မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်စခန်းကုန်းက စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံ အုန်းဖျန်ကျေးရွာဘက်ကို စစ်စခန်း စွန့်ခွာထွက်ပြေးလာတဲ့လမ်းမှာ ဒေသခံလေးဦးကို သတ်ဖြတ်ပြီးတော့ ထိုင်းနိုင်ငံဘက်အခြမ်းကိုဝင်ရောက်လာလို့ ထိုင်းစစ်တပ်ကဖမ်းဆီးကာ လက်နက်များကိုသိမ်းယူပြီး စစ်ဆေးနေတယ်လို့ KNLA မဟာမိတ်တပ်ဖွဲ့တွေကို ထောက်ပို့ကူညီနေတဲ့ မဲဆောက်က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီထွက်ပြေးတဲ့စစ်သားတွေ ထိုင်းစစ်တပ်က အုန်းဖျန်ရွာဘက်မှာတွေ့ပြီး သူတို့ ဖမ်းခံထိထားတယ်။ ထွက်ပြေးတုန်းက သူတို့တွေ လမ်းမှာ ရွာသားသုံးဦးရယ် ဆေးခန်းသွားတဲ့ ကိုယ်ဝန်သည်မိန်းမတစ်ဦးရယ် လေးဦးကို သတ်လာတာမျိုးရှိတယ်။ အခု မဲဆောက်စစ်ဗျူဟာမှာ စစ်ဆေးတာမျိုး လုပ်နေတယ်လို့တော့ သိရတယ်ပေါ့နော်။ ထိုင်းစစ်တပ်ကဖမ်းမိတဲ့ မြန်မာစစ်သားတွေကို ဘာဆက်လုပ်မလဲ ဆိုတာတော့ မသိသေးဘူးပေါ့”
ခုလိုဒေသခံလေးဦး အသတ်ခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။ တာ့ခရိုင်အခြေစိုက် ထိုင်းစစ်တပ် ရက်ချ်မာနုတပ်ဖွဲ့က ဗိုလ်မှူးကြီး နာတခွန် ရီဝမ်တစ်ဘ်က RFA ကို ပြောတာတော့ စစ်ကောင်စီတပ်သားတွေကို ပြန်လွှဲမပေးခင်မှာ ဆေးကုပေးထားတယ်လို့ ပြောပါတယ်။
အဲဒီစစ်စခန်းသိမ်း တိုက်ပွဲအတွင်း KNLA မဟာမိတ် ပူးပါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ကြောင်းတွေဘက်ကို စစ်ကောင်စီ ဒုတပ်ရင်းမှူး ရန်အောင်အပါအဝင် တပ်သား ၄၈ ဦး လက်နက်ချအညံခံပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ နှစ်ဆယ်ခန့်ရှိခဲ့တယ်လို့ စစ်စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ KNLA မဟာမိတ်စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောပါတယ်။
“အခုက ဖုချိမု စခန်းသိမ်းလို့ရပြီ၊ သူတို့စစ်တပ်က လက်နက်ချတာ အရာရှိနဲ့ဆိုရင် ၄၈ ဦးရှိတယ်။ သေတာ တွေ့တာတော့ နှစ်ဆယ်လောက်ရှိတယ်။ အဲဒါတွေကို စစ်ကြောင်းတာဝန်ရှိတဲ့သူတွေ သတင်းထုတ်ပြန်မှ အခြေအနေ အကြောင်းအရာတွေ ပါမယ်ဗျ”
အဲဒီ ဖုချိမု စစ်ကောင်စီ စစ်စခန်းတိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်ပြီး KNLA မဟာမိတ်ပူပေါင်းတပ်ဖွဲ့နဲ့ SOF အထူးစစ်ဆင်ရးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းတာမှာတော့ နယ်မြေရှင်းလင်းတာတွေ လုပ်ပြီးရင် စစ်ဆင်ရေးအခြေအနေတွေကို သတင်းထုတ်ပြန်သွားမယ်လို့ SOF စစ်ကြောင်း တာဝန်ရှိသူ ရဲ ဘော် အောင်စံရှားက ပြောပါတယ်။
လက်ရှိ ကရင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
အခု မေ ၂၄ ရက်မှာတော့ ကော့ကရိတ်မြို့မြောက်ဘက် ဒေါနတာင် လမ်းဟောင်း မိချောင်းအင်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ဖာပွန်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ KNLA စစ်ရေးသတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
(မှတ်ချက် - KNLA မဟာမိတ်စစ်ကြောင်းက တပ်ဖွဲ့ဝင်တစ်ဦးနှင့် KNLA ထောက်ပို့ကူညီနေသူတစ်ဦးတို့၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)