NLD အမတ်ကို ဖမ်းမမိလို့ ဇနီးနဲ့ ၁ဝ လအရွယ်သမီးကို စစ်တပ်ဖမ်းဆီး

2022.04.24
NLD အမတ်ကို ဖမ်းမမိလို့ ဇနီးနဲ့ ၁ဝ လအရွယ်သမီးကို စစ်တပ်ဖမ်းဆီး ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး၏ ဇနီးဖြစ်သူနှင့် ၁ဝ လအရွယ် သမီးငယ်။
Photo: Citizen Journalsit

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို ဖမ်းမမိလို့ ဇနီးဖြစ်သူနဲ့ ၁ဝ လအရွယ် သမီးအပါအဝင် ဆွေမျိုးနဲ့ မိတ်ဆွေတွေကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးသက်ပိုင်စိုးရဲ့ ဇနီးနဲ့ ၁ဝ လအရွယ် သမီးငယ်အပြင် သူတို့ယာယီနေတဲ့အိမ်က ဆွေမျိုးတော်စပ်သူအမျိုးသားတစ်ဦး၊ အသက် ၁၃ နှစ် အရွယ် မိန်းကလေးတစ်ဦး၊ အိမ်နီးချင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ခြောက်ဦးကို သေနတ်တွေနဲ့ချိန်ပြီး ဖမ်းသွားတယ်လို့ တိမ်းရှောင်နေရတဲ့ ဦးသက်ပိုင်စိုးက RFA ကို ပြောပါတယ်။

“အသက်မပြည့်သေးတဲ့ ကလေးကတော့ ကျနော့် သမီး ၁ဝ လနဲ့ ကျနော့် ညီမတစ်ဝမ်းကွဲလေး ၁၃ နှစ် ပါသွားတယ်။ ကျနော့်အမျိုးသမီးရယ်၊ အဲဒီခေါင်းရင်းက ဒေါ်အငယ်မဆိုတာ ကျနော့်ညီမလိုပါပဲ သူရယ်၊ ခြေရင်းအိမ်ကလည်း ကျနော်သူငယ်ချင်းပေါ့။ ဆိုတော့ အားလုံးဆိုရင် ယောကျာ်းလေး နှစ်ယောက် မိန်းခလေး လေးယောက်ပေါ့ ကျနော့်သမီးပါအပါ”

လက်ရှိ ဦးသက်ပိုင်စိုးရဲ့ ဇနီးနေတဲ့အိမ်မှာ ကျန်ခဲ့တဲ့သူတွေဟာ အသက်ကြီးသူနဲ့ ကျန်းမာရေးမကောင်းသူတစ်ဦးသာ ကျန်ခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ငပုတောမြို့နယ်၊ ငါးပြေမကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးသက်ပိုင်စိုးကို ဖမ်းဖို့ ကြိုးစားတာလို့ ကြားရတဲ့အကြောင်း ပြောပါတယ်။

အဲဒီအပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၅ နှစ်နဲ့ ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ အသက် ၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ ဒေသခံရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းထားပါတယ်။ အခုလို အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လတ်တလောမရသေးပါဘူး။

ဒါပေမဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကလေးသူငယ်နဲ့ပတ်သက်ပြီးတော့မှ တချို့မှာတော့ ကျနော် ဝန်ခံတယ်။ မဖြစ်မနေကိုပဲ ထိန်းသိမ်းထားရမယ့်သူတွေ ရှိတယ်။ ထိန်းသိမ်းထားရမယ့်သူတွေကလည်း စည်းကမ်းတကျ လုပ်ချင်တယ်။ ဥပဒေအရ လုပ်ဆောင်သွားပါမယ်"လို့ ဇန်နဝါရီလဆန်းမှာ RFA ကို ပြောဖူးပါတယ်။

ဒါကြောင့် ငါးပြေမရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကလေးငါးယောက်အပါအဝင် စုစုပေါင်းအဖမ်းခံထားရတဲ့သူ ၂၁ ယောက် ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။