အလုပ်မရသေးတဲ့ မြန်မာအလုပ် သမား ၃၀၀ မြဝတီမြို့မှာ အခက်တွေ့နေ


2016.10.03
migrant-workers-thai-border-620.jpg ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြဝတီနယ်စပ်တွင် တွေ့ရစဉ်။
.

လူထိပ်မိုး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက မြန်မာအလုပ်သမား ၃၀၀ ကို ထိုင်းနိုင်ငံက မုန့်မျိုးစုံ ထုတ် လုပ်တဲ့စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး စာချုပ်ချုပ်ခဲ့ပေမယ့် အခုချိန်ထိ အလုပ်မရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

အလုပ်ရဖို့ တစ်ဦးကို ငွေကျပ် ၅ သိန်းစီပေးခဲ့ရပြီး လက်ရှိ မြဝတီမြို့မှာ အခက်အခဲတွေ့နေကြတယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရွှေ့ပြောင်းအလုပ်သမားဌာနဌာနမှူး ဒေါ်ထွေးထွေးသိန်း က ပြော ပါတယ်။

''သူတို့စာချုပ်ချုပ်ထားတဲ့ အထဲမှာကျတော့ ပို့မယ့်စက်ရုံကတော့ မုန့်မျိုးစုံလုပ်မယ့်လုပ်ငန်းလို့ ပြောတယ်၊ ရှိတဲ့နေရာကကျတော့ စမွတ်စခွန်မှာ၊ သွားခါနီးကျတော့ ကြက်စာစက်ရုံ ဒါမှမဟုတ် ကြာဇံစက်ရုံမှာ လုပ်ချင်တဲ့သူ ကုမ္ပဏီမှာ ခေါ်ပြီးတော့မှ ဝန်ခံကတိလက်မှတ်ထိုးခိုင်းတယ်၊ ကျွန်မတို့အလုပ်သမားတွေကို မေးကြည့် သလောက်တော့ သူတို့တစ်ယောက်ကို ငါးသိန်း ပေးထားရတယ်''

အဲဒီအလုပ်သမား ၃၀၀ ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက မြဝတီမြို့ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ စမွတ်စခုံခရိုင်က မုန့်မျိုးစုံထုတ်လုပ်ရေးစက်ရုံကို ပို့ဆောင်ပေးမယ်လို့ ပြောပြီး လူထိပ်မိုးအေဂျင်စီ က ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီစက်ရုံက အလုပ်သမားအသစ် လက်မခံနိုင်တော့တဲ့အတွက် တစ်ခြားစက်ရုံတွေမှာ အလုပ်ရှာပေးမယ် လို့ မြန်မာအလုပ်သမားတွေကို ပြောကြောင်းလည်း သိရပါတယ်။

အလုပ်မရခင် ပြန်မယ်ဆိုရင် ခံဝန်လက်မှတ်ထိုးပြီး ပြန်နိုင်ကြောင်း အဲဒီအေဂျင်စီ တာဝန်ရှိသူတွေက အလုပ် သမားတွေကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။