ဖမ်းဆီးခံထားရသူတွေကို မြန်မာပြည်ပြန်မပို့ဖို့ မြန်မာ့အရေးကူညီသူတွေ တောင်းဆို
2023.08.09

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၅ ရက်နေ့က အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား တစ်ရာကျော်ကို မြန်မာပြည် ပြန်မပို့ဖို့ မလေးရှားအစိုးရကို တောင်းဆိုသွားမယ်လို့ မလေးရှားရောက် မြန်မာ့အရေးကူညီပေးနေသူတွေက ပြောပါတယ်။
ဩဂုတ် ၅ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားအများစုနေထိုင်တဲ့ Cheras တိုက်ခန်းတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ရာမှာ နိုင်ငံခြားသား ၄၂၅ ဦး ဖမ်းဆီး ခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာ ၁၀၈ ဦး ပါဝင်ပါတယ်။
အဖမ်းခံရသူတွေထဲမှာ ရိုဟင်ဂျာတွေပါဝင်သလို UNHCR ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူတွေလည်း ပါဝင်တယ်လို့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသားရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့ (MERHROM) ဥက္ကဋ္ဌ ဇာဖေါရ်အာမက်အာဗ်ဒုလ်ဂေါနီ Zafar Ahmad Abdul Ghan က ပြောပါတယ်။
“မြန်မာ့နိုင်ငံရေးမကောင်းတဲ့အခြေအနေမှာ စစ်အစိုးရက သတ်ဖြတ်မီးရှို့နေချိန်မှာ ဖမ်းဆီးခံရတဲ့သူတွေကို ပြန်ပို့မယ်ဆိုရင် ဒီလူတွေအတွက် အန္တရာယ်ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ သူတို့ကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ တောင်းဆိုတယ်“
ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေထဲမှာ ချင်းတိုင်းရင်းသားအများစုလည်း ပါဝင်တယ်လို့ သိရပါတယ်။
တရားဝင်အလုပ်လုပ်ကိုင်ခွင့်ကတ်ရှိသူတွေကိုတော့ နှစ်ပတ်ကြာမှ ပြန်လည်လွှတ်ပေးမယ့်အခြေအနေရှိတယ်လို့ မလေးရှားရောက်အလုပ်သမားအရေးကူညီနေသူတွေက ဆိုပါတယ်။
တရားမဝင်နေထိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရသူတွေထဲမှာ ကလေးသူငယ်တွေလည်းပါဝင်တဲ့ အတွက် မလေးရှားအစိုးရကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ကလေးသူငယ်အခွင့်အရေးအရ ဖမ်းဆီးထားခွင့်မရှိကြောင်း မလေးရှားလူမှုအဖွဲ့အစည်းတွေကလည်း ဩဂုတ်လ ၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။