မြန်မာ ၁ဝဝ ကျော် ရေတပ် သင်္ဘောနဲ့ ပြန်ခေါ်
2015.03.27
မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသား တစ်ရာကျော်ကို မြန်မာအစိုးရက ရေတပ်သင်္ဘော နဲ့ ပြန်လည်ခေါ်ဆောင်လာခဲ့ရာမှာ မြန်မာနိုင်ငံကို ဒီလ ၂၉ ရက်နေ့ ပြန်ရောက်မယ်လို့ သိရပါတယ်။
အဲဒီ့မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် လမ်းကြောင်းတွေကနေ နည်းလမ်းအမျိုးမျိုး နဲ့ ဝင်ရောက်လာခဲ့ကြရာမှာ မလေးရှားအစိုးရရဲ့ စီမံချက်နဲ့ ဖမ်းဆီးခံရလို့၊ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံနေရ သူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုပြန်ဖို့အတွက် အထောက်အထားလက်မှတ်တွေ ရရှိထားပြီးဖြစ်ပေမဲ့၊ ခရီးစရိတ်က မလေးရင်းဂစ်ငွေ ၄၀၀၀ ဝန်းကျင်ရှိတာကြောင့် အခက်ကြုံနေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွင်း မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ မတ် ၁၇ ရက်ကနေ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ ၂၀၁၅ လန်ကာဝီ နိုင်ငံတကာရေကြောင်းနဲ့လေကြောင်းပြပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာ့တပ်မတော်ရေယာဉ် မဟာသီဟသူရ က မြန်မာနိုင်ငံကိုအပြန်မှာ အဲဒီ့ မြန်မာအလုပ်သမားတွေကို ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား လေးသိန်းကျော်ရှိမယ်လို့ ခန့်မှန်းထားရာမှာ၊ သုံးသိန်းဝန်းကျင်က တရားဝင်အထောက်အထားရှိကြပြီး၊ တရားမဝင်ရောက်ရှိနေသူက လေးသောင်းဝန်းကျင်ရှိမယ်လို့ဆိုပါတယ်။ ကျန်တဲ့သူတွေက ဒုက္ခသည်အဖြစ် ကုလသမဂ္ဂမှာ မှတ်ပုံတင်ထားသူတွေဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ကစပြီး တရားမဝင် အလုပ်သမားတွေကို စီမံချက်နဲ့ မကြာခဏဖမ်းဆီးနေတာ၊ မြန်မာနိုင်ငံသားတွေ မကြာခဏ အသတ်ခံနေရတာ၊ လုံခြုံမှုမရှိတာစတာတွေကြောင့် မလေးရှား မြန်မာတွေ ပြန်လာနေကြရာမှာ အခု နှစ်ဆန်းပိုင်းအထိ ၈ သောင်းနီးပါးရှိနေပြီလို့ သိရပါတယ်။
မလေးရှားမှာ ထိန်းသိမ်းရေးစခန်း ၁၂ ခု ရှိပြီး၊ စခန်း ၁၀ ခုမှာ စုစုပေါင်း မြန်မာနိုင်ငံသား ၅၀၀၀ ကျော် ရှိတယ်လို့ မြန်မာအလုပ်သမားကူညီရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။