မလေးရှားကို လူမှောင်ခိုဂိုဏ်းက ခေါ်ဆောင်လာတဲ့ မြန်မာရှစ်ဦး ဖမ်းဆီးခံရ
2024.07.02

မလေးရှားမှာ နေထိုင်အလုပ်လုပ်နိုင်ဖို့ လူမှောင်ခိုဂိုဏ်းတစ်ခုက သိမ်းသွင်းခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ရှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဖမ်းဆီးလိုက်ပါတယ်။
ဇွန်လ ၂၆ ရက်နေ့က Johor Bahru ပြည်နယ်အတွင်း စီးနင်းစစ်ဆေးချိန် သော့ပိတ်ထားတဲ့ နှစ်ထပ်စျေးဆိုင်ခန်းတစ်ခုမှာ အသက် ၂၆ ကနေ ၄၉ ကြား မြန်မာနိုင်ငံသား အမျိုးသားခုနစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရှိခဲ့တာလို့ ဒေသတွင်း The Star သတင်းမှာ မနေ့က ဖော်ပြပါတယ်။
သူတို့ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ထုတ်ပေးတဲ့ ကတ်လို့ ယူဆနိုင်စရာ ကတ်အတုတွေ လုပ်ပေးမယ်လို့ပြောဆိုပြီး ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီကတ်အတွက် လျှောက်လွှာခအပါအဝင် တစ်ယောက်ကို မလေးရှားရင်းဂစ် ငါးထောင်ကျော် (မြန်မာကျပ်ငွေ ၄၈ သိန်းကျော်) ပေးခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူ ရှစ်ဦးထဲက တစ်ဦးက လူမှောင်ခိုဂိုဏ်းရဲ့ ပွဲစားဖြစ်နိုင်ကြောင်း အမျိုးသား သုံးဦးကတော့ ဒုက္ခသည်ကတ်အတုရပြီး အလုပ်ရဖို့ စောင့်ဆိုင်းနေကြကြောင်းနဲ့ ကတ်မရသေးသူတွေလည်း ရှိကြောင်း မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဒီဒုက္ခသည်ကတ်အတုပေါ်မှာ ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ ဆိုတဲ့ စာတန်းနဲ့ UNHCR အမှတ်တံဆိပ် ရိုက်နှိပ်ထားတယ်လို့ ဆိုပါတယ်။ ဒီကတ်ကို ထုတ်ပေးတဲ့ကော်မတီ ရှိ မရှိဆိုတာကို စုံစမ်းသွားမှာဖြစ်ပြီး မလေးရှားအစိုးရအနေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးတဲ့ ကတ်ကိုပဲ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူကုန်ကူးမှုတားဆီးရေး အက်ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။