မလေးရှားမှာ တရားမဝင် မြန်မာအလုပ်သမား ၃၀၀ နီးပါး အဖမ်းခံရ
2016.10.14

မလေးရှားနိုင်ငံမှာ ဒီတပတ်အတွင်း တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားဦးရေ ၃၀၀ လောက် အဖမ်းခံထားရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား လူမှုကူညီရေးအဖွဲ့ က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ မှုခင်းဖြစ်ပွားတာတွေ များလာတဲ့အတွက် တရားမဝင်အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ကွာလာလမ်ပူမြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား လူမှုကူညီရေးအဖွဲ့က ဦးချစ်ကောင်းက ပြောပါတယ်။
"မလေးရှားနိုင်ငံအနှံ့ ဖမ်းနေကြတာပေါ့။ ဒီနိုင်ငံအစိုးရအနေနဲ့ သူတို့သတ်မှတ်တာက နိုင်ငံခြားသား များတဲ့အတွက် ဒုစရိုက်မှုတွေ များတယ်ပေါ့။ တရားမဝင် နေထိုင်မှုတွေများတယ်။ အဲဒီအတွက် သူတို့နိုင်ငံ ဘတ်ဂျက်ထိခိုက်တယ်ပေါ့။ ပြစ်မှုတွေလည်းများတယ်။ နောက်တခုက ပြစ်မှုတခုလုပ်ပြီးရင် လိုက်ရှာရင် မတွေ့တော့ဘူးပေါ့။ အဲဒီတော့ နိုင်ငံခြားသားတွေကို အဓိကပစ်မှတ်ထားပြီး လိုက်ဖမ်း တာပေါ့"
မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ဒီလကနေစပြီး တစ်နိုင်ငံလုံးမှာရှိနေတဲ့ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။
အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဈေးဝယ်စင်တာတွေနဲ့ ဈေးတွေအပြင် နေအိမ်တွေကိုပါ လိုက်စစ်ဆေးပြီး ဖမ်းဆီးနေတာလို့လည်း ပြောပါတယ်။
ဖမ်းမိတဲ့အလုပ်သမားတွေကို ထောင်ဒဏ် ၃ လကနေ ၆ လအထိ ချမှတ်ခံရပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ခံရမှာဖြစ်ပါတယ်။ အဲဒီကနေ မြန်မာသံရုံးနဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့် လျှောက်ထားမယ်ဆိုရင် မလေးရှားရင်းဂစ် ၆ ထောင် ( မြန်မာငွေ သိန်း ၂၀ ) လောက် ကုန်ကျမှာဖြစ်တဲ့အတွက် အလုပ်သမားတွေအတွက် အခက်ခဲရှိနေတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိပြီး တရားဝင်အလုပ်လုပ်ကိုင်သူ တစ်သန်းလောက်ရှိပါတယ်။