ထိုင်းမှာအလုပ်လုပ်ကိုင်လိုသူတွေ ဆက်သွယ်နိုင်တဲ့ အေဂျင်စီစာရင်းထုတ်ပြန်
2022.04.29

ထိုင်းမှာ အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာအလုပ်သမားတွေ ဆက်သွယ်နိုင်တဲ့ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ စာရင်းတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးက မနေ့က တရားဝင်ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ (MOU) အရ လာမယ့်မေလမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း အလုပ်သမားသံအရာရှိရုံး လူမှုကွန်ရက်မှာ ဒီလ ၂၈ ရက်က ဖော်ပြထားပါတယ်။
MOU စနစ်နဲ့ တရားဝင် လုပ်သားစေလွှတ်နိုင်တဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၃၂၈ ခု ရှိပါတယ်။ ဒီအထဲမှာ ယာယီပိတ်သိမ်းထားတဲ့ အေဂျင်စီ လေးခုကလွဲလို့ အေဂျင်စီ ၃၂၄ ခုက အလုပ်သမားစေလွှတ်ရေး လုပ်ငန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လုပ်သား တစ်သောင်းကျော်လောက် အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ဖို့ ရှိတယ်လို့ ဘန်ကောက်မြို့အခြေစိုက် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ဥပဒေ အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ခန့်မှန်းထားပါတယ်။
MOU အရ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၁ သိန်း ၄ သောင်းကျော် (၁၄၄၇ဝ၉) ကို ထိုင်းအလုပ်အကိုင်ဦးစီးဌာန (DoE) က အလုပ်လုပ်ခွင့် ပါမစ်ပေးလိုက်ပါတယ်။ အဲဒီထဲမှာ မြန်မာ လုပ်သား တစ်သိန်းကျော် (၁၁၇ဝ၂၉) ရှိပါတယ်။