စစ်အာဏာသိမ်း သုံးနှစ်ပြည့် ထိုင်းရောက်မြန်မာတွေ ကုလရုံးရှေ့ စုဝေးဆန္ဒပြ
2024.02.01

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း သုံးနှစ်ပြည့်အဖြစ် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေစုဝေးပြီး ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက စစ်အာဏာရှင်ကျဆုံးရေး၊ စစ်ကျွန်ဘဝကလွတ်မြောက်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရရှိရေး၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် စတဲ့ကြွေးကြော်သံတွေ အတူ ပိုစတာတွေ၊ ဗီနိုင်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။
ဒီလှုပ်ရှားမှုနဲ့အတူ ဆန္ဒပြသူတွေက ထိုင်းအစိုးရကို အချက် ငါးချက် တောင်းဆိုခဲ့ကြပါတယ်။ စစ်ကောင်စီက တောင်းခံတဲ့ အခွန် နှစ်ရာခိုင်နှုန်းမဆောင်တဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်လုပ်ခွင့်သက်တမ်းတိုးတာ ခွင့်ပြုဖို့၊ ကိုယ်ရေးရာဇဝင်အချက်အလက် စစ်ဆေးတာတွေမပါဘဲ သူတို့ရဲ့ အလုပ်လုပ်ခွင့် သက်တမ်းတိုးခွင့်ပြုဖို့၊ ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံစိတ်ချရတဲ့ ကြားနေဒေသတစ်ခု သတ်မှတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ မြန်မာပြည်ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ဆောင်ရွက်ဖို့တွေ တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲနဲ့ အတူ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေ အပေါ် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးဖို့ မြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့ လူမှုအဖွဲ့ စုစုပေါင်း ၃၇၇ ရဲ့ တောင်းဆိုစာကိုလည်း ကုလသမဂ္ဂရုံးကို သွားရောက်ပေးအပ်ခဲ့ကြပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ ဒီပေးစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UN OHCHR အရှေ့တောင်အာရှဆိုင်ရာ လူ့အခွင့်အရေး အရာရှိ Daniele Rumolo က လက်ခံ ရယူခဲ့ပါတယ်။
ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့က ဒီနေ့ဆန္ဒပြပွဲကို မြန်မာနိုင်ငံသား ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။