အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံအားပေးရင် အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းမယ်လို့ မြန်မာသံရုံး ကြေညာ

ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ခံအားပေးရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဧပြီ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေသူတွေကို အကူအညီပေးနေသူတစ်ဦးကတော့ သံရုံးရဲ့ ထုတ်ပြန်ချက်ကြောင့် တော်လှန်ရေးမှာ အားလျော့သွားမှာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
“မြန်မာပြည်အပြင်ဘက်ရောက်နေကြတဲ့မြန်မာပြည်သားတွေ တော်လှန်ရေးအတွက် ကူညီကြ ထောက်ပံ့ကြတယ်ဆိုတာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့နေတာမှမဟုတ်တာ၊ တကယ်အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီကို တော်လှန်ဖို့ အတွက်သာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို သူတို့ချွေးနည်းစာတွေနဲ့ ကူညီနေကြတာပါ၊ တော်လှန်ရေးကို ပြည်တွင်းကဖြစ်ဖြစ် ပြည်ပက ဖြစ်ဖြစ် ပါဝင်တော်လှန်နေကြသူတွေနားလည်ထားတာကတော့ တကယ့်အကြမ်းဖက်အဖွဲ့အစည်းဆိုတာ မတရားအာဏာ သိမ်းယူထားတဲ့ စစ်ကောင်စီပါပဲ၊ ဒီထုတ်ပြန်ချက်အပေါ် ဘယ်လိုသဘောရှိလဲဆိုရင် သူတို့ကတော့ ဒီလိုတွေထုတ်မှာပဲ.. တော်လှန်ရေးကို ကူညီပေးနေတဲ့ ပြည်တွင်းပြည်ပက အကူအညီတွေ လျော့အောင်လို့ သူတို့နည်းမျိုးစုံနဲ့ လုပ်ကြမှာပဲ။ မြန်မာပြည်ထဲမှာရှိနေကြသူတွေတောင် စစ်ကောင်စီရဲ့ မတရားမှုတွေကို နေ့စဉ်တော်လှန်နေကြတာ ပြည်ပကနေ ကူညီနေသူတွေအတွက်ကတော့ ဒီထုတ်ပြန်ချက်မျိုးကြောင့် တော်လှန်ရေးမှာ အရှိန်လျော့သွားကြမှာတော့ မဟုတ်ဘူး။”
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) က ကိုရဲမင်းကလည်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေက သံရုံးရဲ့ ဒီထုတ်ပြန်ချက်ကို ကြောက်နေမှာမဟုတ်ဘဲ တော်လှန်ရေးမှာ ဆက်ပြီး အားစိုက်ပါဝင်သွားကြမှာပဲလို့ ပြောပါတယ်။
“မြန်မာသံရုံးကတော့ ခြိမ်းခြောက်ပြီး စာထုတ်တယ်ဆိုပေမယ့် ထိုင်းရောက် မြန်မာလုပ်သား တွေကတော့ ကြောက်စရာလည်း လုံးဝမလိုသလို စိုးရိမ်မှုလည်း လုံးဝမရှိဘူး။ ကြောက်မသွားဘူး၊ နောက်မဆုတ်သွားဘူး၊ ဆက်ပြီး တော်လှန်နေဦးမှာပဲ ဆက်ပြီး ပူးပေါင်းပါဝင်နေဦးမှာပဲ၊ ပိုပြီးတော့တောင် မခံချင်စိတ်တွေဖြစ်ပြီး ဒီ့ထက်ပိုပြီး ပါဝင်ကြဦးမှာဖြစ်တယ်။ ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေ အဖွဲ့တွေ အများကြီးရှိတယ်၊ မြန်မာသံရုံးကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သံရုံးဖြစ်တဲ့အတွက် စစ်ကောင်စီက အမိန့်ပေးခိုင်းစေတဲ့အတိုင်း လုပ်သွားမှာဖြစ်တယ်၊ မြန်မာလုပ်သားတွေကလည်း သံရုံးကထုတ်တဲ့စာကို ဂရုမစိုက်ဘူး၊ တော်လှန်ရေးအတွက် ဆက်လုပ်သွားမယ်၊ တော်လှန်ရေးအဖွဲ့တွေထဲက တစ်ယောက်ယောက်ကို ဖမ်းဆီးတာ ခြိမ်းခြောက်တာ လုပ်လာရင်လည်း ငြိမ်ခံနေမှာမဟုတ်ဘူး သူတို့မှာရှိတဲ့အားနဲ့ သူတို့တတ်နိုင်တဲ့အစွမ်း အရည်အချင်းနဲ့ ပြန်ပြီးတွန်းလှန်တိုက်ဖျက်မှာဖြစ်တယ်။”
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၄သန်းကျော်ရှိပြီး အများစုက စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်ရေးမှာ ကူညီနေကြသူတွေဖြစ်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။
စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာပါ။
မြန်မာသံရုံးရဲ့ ကြေညာချက်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံပံ့ပိုးဖို့ ရန်ပုံငွေပွဲတွေ လုပ်တာ၊ ငွေကြေးကောက်ခံတာ စတဲ့ အပြုအမူတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။
အဲဒါတွေ လုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း ၁၂ ပါ “အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်းအရ" ဆိုတဲ့ ပြစ်မှုနဲ့ ငြိစွန်းမယ်လို့ထုတ်ပြန်ထားတာပါ။