လစာတိုးတောင်းမိလို့ မောင်းထုတ်ခံရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘန့်နိမ်ရာ (ဘန့်နှစ်ရာလို့ မြန်မာအများအသံထွက်ပါသည်) အရပ်မှာရှိတဲ့ Royal Tax (ရိုင်ရယ် တပ်စ်) အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော် လုပ်ခတိုးတောင်းတဲ့အတွက် စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ မောင်းထုတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

2012.05.31
migrant-worker-thai-border-b305 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြဝတီနယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
Photo Courtesy of Sein Kyaw Hlaing

မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၅) ဦး အလုပ်လုပ်ကိုင်နေတဲ့ ရိုင်ရယ်တပ်စ် အထည်ချုပ်စက်ရုံမှာ ဒါဇင်ဈေးလို့ ခေါ်တဲ့ အထည်အရည်အတွက် ပေါ်လိုက်ပြီး ရတဲ့ လုပ်ခ ဈေးနည်းတဲ့အတွက် အလုပ်သမားတွေက စက်ရုံတာဝန်ရှိသူတွေ ဒီကနေ့ မနက်ပိုင်း အစည်းအဝေးခေါ်စဉ်မှာ တင်ပြဆွေးနွေးတာကို တာဝန်ရှိသူတွေဘက်က လက်မခံဘဲ အလုပ်သမားတွေကို လုပ်ငန်းခွင်က မောင်းထုတ်ခဲ့တာနဲ့ ပတ်သက်လို့ အလုပ်သမား ကိုကျော်စွာက ပြောပါတယ်။

“ဘာဖြစ်တာလဲဆိုတော့ သူတို့ပေးတဲ့ဈေးက မနက် ရှစ်နာရီကနေ ည ဆယ်နာရီအထိ လုပ်မှ လုပ်အားခက (၉၀) ဝန်းကျင်လောက်ပဲ ရှိတယ်။ ပေးထားတဲ့ ဒါဇင်ဈေးတွေက အရမ်းနည်းလို့ ကျွန်တော်တို့က တနေကုန်ဆိုလို့ရှိရင် (၁၈၀) (၂၀၀) ဝန်းကျင်မှာ ရှိရမယ်။ အလုပ်ရှင်က ကျွန်တော်တို့ တောင်းဆိုထားတာကို တခုမှ သူတို့က မလိုက်လျော ပေးနိုင်ဘူး။ လုပ်ချင်ရင် ဒီဈေးနဲ့ပဲဆက်လုပ်၊ မလုပ်ချင်ရင် အလုပ်ထွက်ကြ။ ကျွန်တော်တို့ နေ့လည်ပိုင်း အလုပ်ဝင်ဆင်းတဲ့အချိန်မှာ ကျွန်တော်တို့ အလုပ်လုပ်နေတုန်း တာဝန်ရှိတဲ့သူတွေက ကျွန်တော်တို့ကို စက်ရုံအပြင် မောင်းထုတ်တယ်။ အလုပ်မလုပ်နဲ့ ဆိုပြီးတော့”

အလုပ်သမားတွေက ဒါဇင်ဈေးတိုးပေးဖို့၊ အလုပ်ချိန် ရှစ်နာရီကျော်ရင် အိုတီကြေးပေးဖို့ တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းရပါက လုပ်ခ နှစ်ဆပေးဖို့၊ အကယ်၍ ဒါဇင်ဈေး တိုးမပေးနိုင်ခဲ့ဘူးဆိုရင် နေ့စားခ တနေ့ကို (၂၂၅) ဘတ်ပေးဖို့၊ အိုတီကြေး တနာရီ (၂၅) ဘတ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ သူတို့တောင်းဆိုချက်တွေ အပါအဝင် စက်ရုံတာဝန်ရှိသူတွေဘက်က မောင်းထုတ်တဲ့ ကိစ္စတွေကို မဲဆောက်မြို့ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံးကို ဒီကနေ့ တိုင်ကြားတဲ့အခါ အလုပ်သမား ကာကွယ်ရေးရုံး တာဝန်ရှိသူတွေက စက်ရုံတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံ ပြောဆိုပြီး နောက်လ (၇) ရက်နေ့မှာ စက်ရုံတာဝန်ရှိသူရော အလုပ်သမား ကိုယ်စားလှယ်တွေပါ တွေ့ဆုံကာ ကြားဝင် ညှိနှိုင်းပေးမယ်လို့ ချိန်းဆိုခဲ့ကြောင်း အလုပ်သမားတွေက ပြောပါတယ်။

အဲဒီနောက် စက်ရုံလုပ်ငန်းခွင်ကနေ မောင်းထုတ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၅) ဦး စက်ရုံပိုင် အလုပ်သမားအဆောင်မှာ နေထိုင်ခွင့်ကို တာဝန်ရှိသူတွေက ခွင့်ပြုထားသေးကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။