ချင်းမိုင် တက္ကသိုလ်မှာ မြန်မာ့ မီဒီယာအကြောင်း ဆွေးနွေး
2012.07.12
ချင်းမိုင် တက္ကသိုလ်က Dr Jennifer Leehey နဲ့ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်တို့က ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ မီဒီယာရဲ့ အခန်းကဏ္ဍအကြောင်းနဲ့ သတင်းထောက်များရဲ့ အရည်အသွေး အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ့ တိုင်းရင်းသား မီဒီယာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် ကရင်သတင်းဌာနက အယ်ဒီတာ နန်းဖောဂေ က တိုင်းရင်းသား မီဒီယာအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ မိမိဘာသာစကားနဲ့ သတင်းဂျာနယ်တွေ ထုတ်ဝေဖို့ မလွယ်ကူသေးဘူးလို့ ပြောပါတယ်။
"အဓိက စိန်ခေါ်မှုကတော့ တိုင်းရင်းသား သတင်းဌာနတွေက ကိုယ့်ရဲ့ ဘာသာစကားကို လွတ်လွတ်လပ်လပ် တင်ပြရမဲ့ အနေအထား အခုလောလောဆယ် မရှိသေးဘူး။ အဲဒါကလည်း အကြီးမားဆုံး ကျွန်မတို့ရဲ့ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်တာပေါ့နော်။ နောက်တစ်ခုက ကိုယ့်ရဲ့ သက်ဆိုင်ရာ ပြည်နယ်ဒေသတွေမှာ ဆိုလို့ရှိရင် ကျွန်မတို့ ကိုယ့်ရဲ့ ဘာသာစကားနဲ့ သတင်းလုပ်ငန်းကို လုပ်နိုင်မယ်ဆိုလို့ ရှိရင်တော့ စာပေယဉ်ကျေးမှု ထိန်းသိမ်းမှု တစ်မျိုးလို့ ပြောလို့ ရတာပေါ့၊ အခုလက်ရှိမှာက တောက်လျှောက်က ပြည်တွင်းစစ် ဖြစ်လာတယ်။ အခု လူထုတွေကလည်း ဒီပေါ်မှာလည်း အရမ်းကို ငြီးငွေ့လာပြီ ဆိုတော့ ဒီလူထုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ အမြဲတမ်း သတင်းရေးနေရတာက ဆိုးတဲ့ သတင်းတွေပဲ ရေးနေရတာ ဆိုတော့ ဒါက စိတ်ခေါ်မှု တစ်ခုလို့တော့ ပြောနိုင်တာပေါ့ရှင့်"
မြန်မာနိုင်ငံထဲမှာ ဖေ့စ်ဘုတ်ပေါ်က သတင်းတွေကို စောင့်ကြည့် လေ့လာသူ တစ်ဦးဖြစ်တဲ့ မမွန်မွန်မြတ်ကတော့ ဆိုရှယ်မီဒီယာ တိုးမြင့်လာမှုနဲ့ ရိုက်ခတ်မှု၊ သက်ရောက်မှုတွေ အကြောင်း ဆွေးနွေး ခဲ့ပါတယ်။
"ဖေ့စ်ဘုတ် မရှိရင် မဖြစ်သလောက်ဖြစ်နေတာ၊ ဖေ့စ်ဘုတ်ပေါ်မှာ သတင်းအချက်အလက်တွေ ဝေငှတယ်။ တခုခုဆိုရင် လှမ်းပြီးတော့ ဘယ်နေရာမှာတော့ အစည်းအဝေးရှိတယ်။ ဘယ်မှာတော့ ဘာပွဲရှိလဲဆိုတာ ဖေ့စ်ဘုတ်ပေါ်က ပြောဖြစ်နေကြ နေရာဖြစ်တာလေ။ ဆိုးကျိုးကတော့ အမှားတွေလည်း အများကြီး ပေးနိုင်တယ်။ တခါတလေမှာ ဒီဖေ့စ်ဘုတ်ပေါ်မှာ ပြန့်ပွားနေတဲ့ သတင်းတွေကနေ တချို့ အဓိကရုဏ်းတွေ ပိုပိုပြီးတော့ ဖြစ်လာအောင် ဖန်တီးတာမျိုး ဖြစ်တယ်။ ဖေ့စ်ဘုတ်က လူတိုင်းဖွင့်လို့ရတဲ့ ဖေ့စ်ဘုတ်ဖြစ်နေတဲ့ အခါကျတော့ ဘယ်သူ့သတင်းက ဘယ်လောက်မှန်တယ်၊ ဘယ်လောက်မှားတယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး"
ဒီဆွေးနွေးပွဲကို The Best Friend အဖွဲ့က ဦးစီး ကျင်းပခဲ့တာ ဖြစ်ပြီး ထိုင်းအပါအဝင် နိုင်ငံခြား သတင်းထောက်တွေနဲ့ မြန်မာ့ မီဒီယာအကြောင်း စိတ်ဝင်စားသူ ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။