သတင်းမီဒီယာတွေကို စစ်ကောင်စီ စွပ်စွဲအပြစ်တင်

သတင်းမီဒီယာတွေဟာ သွေးထိုးလှုံဆော်ရေးသားနေကြပြီး တိုင်းပြည်ကို ဖျက်ဆီးနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲလိုက်ပါတယ်။
ဒီသတင်းဌာနတွေဟာ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ ပြည်သူတွေ မပါဝင်ရဲအောင် လှုံဆော်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီသတင်းဌာနတွေကို "ပြည်ဖျက်မီဒီယာတွေ" အဖြစ် ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး၊ စစ်ကောင်စီဘက်က အဲဒီလို သတ်မှတ်ထားတဲ့ သတင်းဌာန ခုနစ်ခု ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီသတင်းဌာန ခုနစ်ခုရဲ့ နာမည်တွေကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် လွတ်လပ်တဲ့အာရှအသံ (RFA)၊ ဒီဗွီဘီ၊ ဧရာဝတီ၊ မစ္ဇျိမ၊ Myanmar Now၊ ခေတ်သစ်… စတဲ့သတင်းဌာနက ဖော်ပြတဲ့သတင်းတွေကို မှတ်တမ်းယူပြီး သတင်းစာရှင်းလင်းပွဲမှာ ပြန်ပြသခဲ့တာပါ။
အဲဒီ မီဒီယာ ခုနစ်ခုကနေ ပြီးခဲ့တဲ့ သင်္ကြန်အကြိုကနေ နှစ်ဆန်းတစ်ရက်နေ့အတွင်း ပြည်သူတွေ အထိတ်တလန့် ဖြစ်စေမယ့် သတင်း ၈၁ ပုဒ် ရေးသားခဲ့တယ် ဆိုပြီး စောင့်ကြည့် မှတ်တမ်းတင်ထားတာတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ချပြပြောဆိုခဲ့ပါတယ်။
RFA သတင်းတွေ ရေးသားရာမှာ တစ်ဖက်သတ် စွပ်စွဲရေးသားတာမျိုး မရှိဘဲ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို သိရဖို့ နိုင်ငံတကာ စာနယ်ဇင်း စံသတ်မှတ်ချက်တွေနဲ့အညီ အမြဲ ဆက်သွယ်မေးမြန်းနေတာ ဖြစ်ပါတယ်။