စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံရတဲ့ အရပ်သား ငါးဦးကိစ္စ ကာချုပ်အမိန့်နဲ့ စုံစမ်းနေပြီ

သက်စုအောင်၊ သီဟထွန်း
2020.05.22

ရခိုင်ပြည်နယ်က အရပ်သား ငါးယောက်ကို အေအေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ရေယာဉ်ပေါ် မှာ တပ်မတော်သားတွေ က ရိုက်နှက်ထိုးကြိတ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က ဒီကိစ္စကို အလေးထားပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

"အရေးယူနိုင်ဖို့အတွက် ဒါ စုံစမ်းစစ်ဆေးရေးခုံရုံးတွေ စတင်ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးရင် ကျနော်တို့ အနေနဲ့ တည်ဆဲဥပဒေအရ စစ်စည်းကမ်းအရ တိတိကျကျ ကျနော်တို့ အရေးယူသွားမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြောနိုင်တာကတော့ ကျနော်တို့ ခန ခန ပြောနေတာရှိပါတယ်။ ကျနော်တို့ အနေနဲ့ ဒီလိုမျိုး ပြစ်မှုတွေ၊ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ဟာတွေတင် မကဘူး တရားဥပဒေနဲ့ ငြိစွန်းတဲ့ အကြောင်း အရာတွေ၊ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့လို့ရှိရင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။"

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က အရပ်သားလေးယောက်နဲ့ မြောက်ဦးမြို့နယ်က အရပ်သား တစ်ယောက်ကို AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ရေယာဉ်ပေါ်မှာ တပ်မတော်သားတွေက ရိုက်နှက်ထိုးကြိတ် မေးမြန်း နေတဲ့ ဗွီဒီယိုဖိုင်တစ်ခု မေလ ၁၀ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။ ဒီဖြစ်စဉ်က အေအေနဲ့ ပတ်သက်တယ် ဆိုပြီး အရပ်သား ငါးယောက်ကို စစ်တွေကို တရားစွဲတင်နိုင်ဖို့ စစ်ရေယာဉ်နဲ့ သယ်ဆောင်တဲ့အခါမှာ ဖြစ်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က မေလ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ဥပဒေနဲ့မညီဘဲ စစ်ဆေး မေးမြန်းခဲ့ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာပါ ဝင်ပတ်သက်တဲ့သူတွေကို တည်ဆဲဥပဒေအရ စစ်စည်းကမ်းအရ တိတိကျကျ အရေးယူသွားမှာ ဖြစ်ပြီး တပ်မတော်အနေနဲ့ ပြည်သူလူထုနဲ့ ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေရှိခဲ့ရင် တာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့ အရေးယူမှုဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ဘယ်နှစ်ယောက်ပါဝင်တယ် ဘယ်လိုအဆင့် အရာရှိတွေ ပါဝင်တယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောတာမျိုး မရှိပါဘူး။

ဒါနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး သုတေသီ နစ်ကီဒိုင်းမွန်းကတော့

"အဲတော့ ညှဉ်းပန်း နှိပ်စက်ခံနေရတဲ့သူတွေကနေပြီးတော့ သူတို့ ညှဉ်းပန်း နှိပ်စက်ခံနေရပါတယ် ဆိုပြီးတော့ ပြောထားတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေကျတော့ အရေးမယူဘဲနဲ့ ဒီလို ဗွီဒီယိုင်ဖိုင်ကြီး ထွက်လာတဲ့ အခါကျတာ့ သူတို့ ပုံရိပ် ထိခိုက်မှာဆိုးတဲ့ အတွက်ကြောင့် အရေးယူတယ်လို့ မြင်တယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီအခြေအနေမှာ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး UN မှာလည်း ဆွေးနွေးတာတွေ လုပ်နေတယ်။ နောက်တစ်ခုက ICJ မှာလည်း ခုဟာက ရီပို့တင်ရတဲ့ အနေအထားမျိုး ရှိနေတဲ့ အခါကျတော့ စစ်တပ် အနေနဲ့က ပြဿနာက ပိုပြီးတော့ မကြီးထွားအောင် အရေးယူပေးတယ်လို့ မြင်တယ်ပေါ့လေ။ တကယ်တမ်း အရေးယူချင်တယ်ဆိုလို့ရှိရင် ညှဉ်းပန်းနှိပ်စက်မူတွေရှိနေတယ် ရခိုင်ပြည်နယ်မှာက ရခိုင်တွေ သေဆုံးတဲ့အထိ ဖြစ်တဲ့ ကိစ္စရပ်မျိုးတွေ ကျနော်တို့ Report တွေ ပေါ့နော် တက်လာတာတွေ အမြဲတမ်း သတိထားမိနေတယ်။"

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့လည်း စစ်ခုံရုံးက စစ်ဆေးပြီးသွားပြီဖြစ်ပြီး၊ နောက်ဆုံးအဆင့်ဖြစ်တဲ့ အတည်ပြု အာဏာပိုင်က အတည်ပြုပြီးတာနဲ့ အရေးယူခံရသူတွေနဲ့ သူတို့ကို ပေးထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ဒီလထဲမှာပဲ သတင်း ထုတ်ပြန်ပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ဂူတာပြင် ကိစ္စက စစ်တရားရုံးအရ စစ်ဆေးပြီးဖြစ်တယ်။ စစ်တရားရုံး အနေနဲ့လည်း ချမှတ်သင့်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ပြီးဖြစ်တယ်။ ကျနော်တို့ နောက်ဆုံး အဆင့်ပဲ ကျန်ပါတယ်။ နောက်ဆုံးအဆင့်က အတည်ပြု အာဏာပိုင်က အတည်ပြုမှာဖြစ်တယ်။ ကျနော်ပြောနိုင်တာကတော့ အတည်ပြု အာဏာပိုင်က အတည်ပြုပြီးရင် အရေးယူခဲ့တဲ့ သူတွေရော၊ ပြစ်မူ ပြစ်ဒဏ်တွေကိုရော ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ဒါတွေသည် ဘယ်လိုပဲ ပြောပြော ဒီလအတွင်းမှာပဲ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။"

ဒီဂူတာပြင်ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် စစ်ခုံရုံးက၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာစ စ်ဆေးမှုစတင်ခဲ့ပြီး၊ ဒီနှစ်ဧပြီလ ၃၀ရက် နေ့ကအပြီးသတ် အမိန့်ချခဲ့တာပါ။ ဒါပေမဲ့ ပေးထားတဲ့ ပြစ်ဒဏ်တွေဟာ မျှတမှု ရှိရဲ့လား ဆိုတာကို ဥပဒေကြောင်းအရ ပြန်လည်စစ်ဆေးနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ က အာဆာအကြမ်းဖက် အဖွဲ့တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်တယ်ဆိုတဲ့ ကာလ အတွင်း လူလေးရာကျော် အသတ်ခံရတယ်လို့ နိုင်ငံတကာ အဖွဲ့တွေက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက မေလ၂၃ရက်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေကို ပထမဆုံး အစီရင်ခံစာတင်သွင်းဖို့ ရှိပြီး အဲ့ဒီအစီရင်ခံစာတင်သွင်းရာမှာ လိုအပ်တဲ့အချက်အလက်တွေကို အစိုးရက တောင်းခံလာတဲ့အပေါ် တပ်မတော်အနေနဲ့ အပြည့်အဝကူညီပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစိုးရဘက်ကတော့ ပထမဆုံးအစီရင်ခံစာထဲမှာ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းတင်ပြမယ်ဆိုတာကို ထုတ်ဖော်မပြောပေမယ့်လည်း တပ်မတော်ဘက်ကတော့ အစိုးရလိုအပ်တဲ့ အချက်အလက်တွေကို တိတိကျကျ အပြည့်အစုံ အကူအညီပေးထားတယ်လို့ ပြောပါတယ်၊၏

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနီုင်ငံကို အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးအိုင်စီဂျေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တင်ပြခဲ့ပြီး တရားရုံးက၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်မှာ ကြားဖြတ် စီရင်ချက် ချမှတ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။