ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပစ်ရပ် ၉ ဖွဲ့ တက်ရောက်နိုင်ခြေရှိကြောင်း စစ်ကောင်စီပြော

စစ်ခေါင်းဆောင်ဖိတ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၉ ဖွဲ့ တက်ရောက်မယ့် အလားအလာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ ၁ဝ ဖွဲ့ ရှိတဲ့ထဲက ဘယ်အဖွဲ့တွေ တက်ရောက်မယ်ဆိုတာနဲ့ တရားဝင် အကြောင်းပြန်ကြား ထားသလားဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။
အလားတူ NCA လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ထဲက ၈ ဖွဲ့နဲ့လည်း စစ်ကောင်စီက ချိတ်ဆက်စကားပြောခဲ့ပြီး အဲဒီအဖွဲ့တွေလည်း တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ဒီလိုပြောပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ တရားဝင်အကြောင်းပြန်တာ မရှိသေးပါဘူး။
NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းရုံး (KNU) ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးကတော့ "ငြိမ်းချမ်းရေးဟာ ပါးစပ်နဲ့ ပြောလို့မရဘူး။ အဲဒါကြောင့်မိုလို့ ငြိမ်းချမ်းရေးနဲ့တူတဲ့ ငြိမ်းချမ်းရေး ဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို အရင်ပြဖို့လိုတယ်။ မပြဘဲနဲ့တော့ ဒီအတိုင်း လူလုံးမကလို့ ဘယ်သူပဲလာလာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး" လို့ RFA ကိုပြောထားပါတယ်။
NCA လက်မှတ်မထိုးရသေးတဲ့ UWSA၊ KIO၊ SSPP၊ TNLA၊ MNDAA၊ NDAA နဲ့ AA တို့ကလည်း ဒီဆွေးနွေးပွဲကို တက်ရောက်၊ မရောက် စစ်ကောင်စီဘက်ကို အကြောင်းပြန်ထားတာ မရှိသေးပါဘူး။
အဲဒီအဖွဲ့တွေပါဝင် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC ) ကနေ အဆုံးအဖြတ်ပေးသွားဖို့ရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ လာမယ့် မေလ ၉ ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ဖို့ ပြောထားတာပါ။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ကတော့ ... ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ပါတယ်။