မီးဝတိုက်ပွဲမှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် AA အသုံးပြုတယ်လို့ တပ်စွပ်စွဲ

သီဟထွန်း
2020.03.22

ရက္ခိုင့်တပ်တော် AA ဟာ “Arakan Dream-2020” “ရခိုင်အိပ်မက်-၂၀၂၀” စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အတွက်၊ ၂၀၁၈-ခုနှစ်ကစလို့ အကြမ်းဖက်လုပ်ရပ်တွေကို အဆက်မပြတ် ကျူးလွန်နေပြီး၊ မီးဝတိုက်ပွဲမှာ ဒေသခံအရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

ဒီကနေ့ မတ်လ ၂၂ ရက် နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီ က အဲဒီလို စွပ်စွဲပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အရပ်သားတွေကို အသုံးပြုပြီးတော့မှ ဟုတ်လား၊ ဝိုင်းဝန်းပြီးဖမ်းဆီးဖို့ ကြိုးစားတာတို့ စတဲ့ နည်းလမ်းတွေကို လူမဆန်တဲ့ နည်းလမ်းတွေပေါ့။ ဒီဟာတွေက ဥပဒေအရဆိုရင် လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့မှ ဆောင်ရွက် တာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့အချိန်မှာ ကျနော်တို့က ဘာဖြစ်လို့ ရက်တွေ ဒီလောက် ကြန့်ကြာတာလဲလို့ ပြောလို့ရှိရင် ဒါတွေကို တွက်ဆပြီးတော့ ချိန်ဆပြီးတော့မှ ဆောင်ရွက်နေရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါကိုလည်း အားလုံးသိအောင် ဒီနေရာမှာ တင်ပြလိုပါတယ်။"

AA အဖွဲ့ဟာ “Arakan Dream-2020”ကို ဆောင်ရွက်ဖို့အတွက်၊ ၂၀၁၈ မှာ ရဲစခန်းတွေကို ဝင်တိုက်ခဲ့ပြီး၊ ၂၀၁၉ မှာ မြောက်ဦးမြို့က အိမ်ထောင်သည် လိုင်းခန်းထဲထိ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

နောက်ပိုင်းမှာတော့ “အရပ်သားတွေနေထိုင်တဲ့ ရပ်ရွာနဲ့ ဘာသာရေးစခန်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်ဘက်က ပြန်ပစ်တဲ့အခါ သာသနိကအဆောက်အဦးတွေကို တပ်မတော်က တိုက်ခိုက် သယောင်ယောင်၊ AA ဘက်က သတင်းထုတ်လွှင့်ခဲ့တယ်” လို့လည်း ဗိုလ်ချုပ်-ထွန်းထွန်းညီက စွပ်စွဲသွားပါတယ်။

မီးဝဒေသဟာ အထက်ဘက်မှာ ချင်းပြည်နယ် ပလက်ဝ အထိ၊ အောက်ဘက်မှာ ရခိုင်ပြည်နယ် ကျောက်တော် အထိ ရေလမ်းကနေ သွားလို့ရတာကြောင့် အဲဒီဒေသကို အေအေအဖွဲ့က ခြေကုပ်ယူပြီး အမာခံနယ်မြေအဖြစ် သုံးချင်နေတယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ဆိုပါတယ်။

ဒါ့ကြောင့် တပ်မတော်ရဲ့ မီးဝစခန်းကို အေအေက အင်အားအလုံးအရင်းနဲ့ ရက်ပေါင်း ၄၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ပြီး၊ တိုက်ပွဲအတွင်း ဒေသခံအရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာလို့ ဗိုလ်ချုပ် ထွန်းထွန်းညီ က စွပ်စွဲသွားတာပါ။

ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခကတော့ တပ်မတော်က သူတို့ရဲ့လုပ်ရပ်ကို AA အပေါ် အပစ်ပုံချတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

"မြန်မာစစ်တပ်က သူတို့ တောက်လျှောက် ကျနော်တို့ကို စွပ်စွဲလာတယ်ဗျ။ မြို့ရွာတွေကို ကာဗာယူပြီးတော့မှ AA က ပစ်တယ်တို့ဘာတို့ အဲလိုမျိုးပြောတယ်။ ဆိုတော့ ဒီ ခင်ဗျားတို့လည်း တွေ့မှာပေါ့။ ခုချိန်ထိ ဘယ်မြို့၊ ဘယ်ရွာ မှာမှ ကျနော်တို့ ရက္ခိုင့်တပ်တော်က စခန်းချထားတာမရှိဘူး။ မြန်မာစစ်တပ်ကသာလျှင် မြို့ထဲ ရွာထဲတွေမှာ၊ သာသနိက အ‌ဆောက်အဦးတွေမှာ၊ စာသင်ကျောင်းတွေမှာ ဝင်ပြီးတော့ သူတို့ နေရာယူ၊ စခန်းချနော်၊ ပြည်သူ တွေကို ညှဉ်းပန်းနှိပ်စက်၊ မတရားလိုက်လံ သတ်ဖြတ် အဲဒါမျိုးတွေ တောက်လျှောက် လုပ်နေတာဖြစ်တယ်။ ဒီဟာတွေကတော့ မြန်မာစစ်တပ်က သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဒီလို အခြေအမြစ်မရှိတာ ကျနော်တို့ကို စွပ်စွဲနေတာဖြစ်တယ်ဗျ။ ဒါကြောင့်မို့လို့ မြန်မာစစ်တပ်ဟာ သူတို့ဘက်က တကယ်ယုံကြည်ချက်ရှိတယ် ဆိုလို့ရှိရင် သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးလိုက် ပါနော်။"

အခု မတ်လဆန်းပိုင်းကစလို့ ပလက်ဝ အောက်ဘက်နဲ့ ကျောက်တော် အထက်ဘက်နေရာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နေ့စဉ် တိုက်ပွဲဖြစ်နေတာပါ။

တိုက်ပွဲပြင်းထန်လာပြီး စက်လှေတွေ မထွက်ရဲတော့ဘဲ ရပ်နားထားရတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့် သွားတာ ရှစ်ရက်လောက် ရှိနေပါပြီ။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ အများအပြား ရှိလာပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ဆိုရင် အဲဒီ‌ဒေသမှာ တိုက်ပွဲတွေ မရှိမှ ကူညီနိုင်မယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘယ်လို ဆက်လက်လုပ်ဆောင်မလဲလို့ RFA က မေးမြန်းရာမှာတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး က Wait and See ( စောင့်ကြည့်ပါ) လို့သာ ခပ်တိုတို ပြန်လည်ဖြေကြားပါတယ်။

"ရှင်းပြထားပြီးဖြစ်ပါတယ်။ အဲတော့ အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့တော့ စကားတွေအများကြီး မပြောတော့ပါဘူး ။ Wait and See ပေါ့ ၊ စောင့်ကြည့်လိုက်ပါ။"

Wait and See ဆိုတာ ဘာအဓိပ္ပာယ်လဲလို့ RFA က ထပ်မံ မေးမြန်းရာမှာတော့ ဗိုလ်ချုပ် စိုးနိုင်ဦး က တိုက်ရိုက် ပြန်လည်ဖြေကြားတာမျိုး၊ ထပ်မံရှင်းပြတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက “ဖိလစ်ပိုင်တောင်ပိုင်းက မာရာဝီမြို့ကို သူပုန်တွေ သိမ်းထားတဲ့အခါ၊ ဖိလစ်ပိုင်စစ်တပ်က ဘယ်လို အပြတ်ရှင်းခဲ့သလဲ သတင်းထောက်တွေ သိသလား” လို့  ပြန်လည် မေးခွန်းထုတ်ပြီး၊ တပ်မတော်က အေအေကို အပြတ်ရှင်းမဲ့ ပုံစံမျိုး ပြောကြားခဲ့ဖူးပါတယ်။

ပလက်ဝနဲ့ မီးဝက တိုက်ပွဲအကြောင်း ဆက်ပြောရာမှာတော့ ဗိုလ်ချုပ် ထွန်းထွန်းညီက “လတ်တလော နောက်ဆုံးအခြေအနေအရ မီးဝနဲ့ ပလက်ဝအကြား ၁၈မိုင်လောက်မှာ၊ တပ်မတော်က နယ်မြေ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပွင့်အောင် လုပ်ဆောင်နေကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အေအေက ဖြတ်တောက်နေ‌ကြောင်း” ဖြည့်စွက်ပြောကြားသွားပါတယ်။

တပ်မ‌တော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “လတ်တလော ထိတ်လန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ပတ်သက်ပြီး တပ်မတော်က လိမ္မော်ရောင်၊ အနီရောင်အဆင့် သတိပေးချက်မျိုးနဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝါးတွေ၊ လူနာတင်ယဉ်တွေနဲ့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို အသင့်ပြင်ထားကြောင်း” ဒီကနေ့ သတင်းစာရှင်းပွဲမှာ ရှင်းလင်းပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။