ဒုက္ခသည်ပြန်လက်ခံရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော
2019.07.31

မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေအပါအဝင် သက်ဆိုင်တဲ့လုပ်ငန်းအားလုံးကို အရှိန်မြှင့်လုပ်ဆောင်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို-ကိုနို က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ပထမဦးစွာ မစ္စတာ-တာရို-ကိုနိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ထူထောင်နေတဲ့ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဂျပန်အစိုးရက အကူအညီပေးသွားမယ့်အကြောင်း အစချီ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ အကူအညီကို ကျေးဇူးတင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေအရေးကိစ္စဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဖြေရှင်းရမယ့်ကိစ္စဖြစ်ပေမယ့် ကျန်နိုင်ငံတွေက ဝိုင်းဝန်းကူညီနေတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို-ကိုနိုဟာ ပြီးခဲတဲ့နှစ် သြဂုတ်လက တစ်ကြိမ်၊ အခုနှစ် မတ်လမှာတစ်ကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ အခုတစ်ကြိမ်ဟာ (၃) ကြိမ်မြောက် မြန်မာခရီးစဉ်ဖြစ်ပါတယ်။ မစ္စတာ-ကိုနိုဟာ မြန်မာနိုင်ငံကို မလာရောက်ခင် ဇူလိုင်လ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့ရှိ ဒုက္ခသည်စခန်းကို သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။