ထိုင်းရောက်မြန်မာများ ကိုဗစ်ဖြစ်မှု မြင့်တက်လာ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ရဲ့ တစ်ဖက်ကမ်း မဲဆောက်မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံ နှစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄၅၀ ကျော်နဲ့ အခြား လက်လုပ်လက်စားတွေထဲက မြန်မာ ၁၀ ဦး အားလုံး ၄၆၀ ကျော် ကိုဗစ်ရောဂါပိုး တွေ့ရှိလို့ မဲဆောက်မြို့ကို ထိုင်းအာဏာပိုင်တွေက ဇွန်လ ၂၅ရက်ကစပြီး အသွားအလာ ကန့်သတ်လိုက်ပါတယ်။ မဲဆောက်မြို့ မဲ့တောင်ကန် ကျေးရွာမှာရှိတဲ့ အလုပ်ရုံ နှစ်ခုမှာ မြန်မာအလုပ်သမား ၈၄၀ကို ကျန်းမာရေး စစ်ဆေးခဲ့ရာကနေ ၄၅၂ ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံ နေရတာ ဖြစ်တယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သား ပူးတွဲလုပ်ရှားမှု ကော်မတီ (JACAB) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုများလာလို့ မဲဆောက်မြို့ ဆေးရုံကြီးမှာလည်း ဆေးကုသဖို့ ခက်ခဲတာကြောင့် စက်ရုံထဲမှာပဲ ဆေးကုသမှု ခံယူနေပြီး ပိုးတွေ့တဲ့ မြန်မာကျပန်းလုပ်သား ၁၀ ဦးကိုလည်း သူတို့ရဲ့ အိမ်တန်းလျားတွေက အိမ်ပြင်မထွက်ဘဲ စောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။
ပိုးကူးစက်မှုရှိနေတဲ့ အထည်ချုပ် စက်ရုံ နှစ်ရုံကို အသွားအလာပိတ်ပင်ထားပြီး ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်နေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ အခု ကိုဗစ်ရောဂါပိုး ကူးစက်မှု များနေတဲ့ မဲ့တောင်ကန် ကျေးရွာထဲမှာ မြန်မာနိုင်ငံသား ၃၀၀၀ လောက် နေထိုင်ကြပါတယ်။ မဲဆောက်မှာ ကိုဗစ်ရောဂါရှိသူ များပြား လာလို့ ထိုင်းအာဏာပိုင်တွေက အထက်တန်းကျောင်း အပါအဝင် ကျောင်းတွေကိုလည်း ပိတ်ထားလိုက် တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငမြို့မှာလည်း လူ၃၀၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံနေရပြီး ဒီအထဲက မြန်မာ ရေလုပ်သား ၂၀၀ ကျော်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရပါတယ်။ ထိုင်းတောင်ပိုင်း ဆုန်ခလာပြည်နယ်က ငါးသေတ္တာစက်ရုံမှာလည်း မြန်မာအလုပ်သမား ၄၀၀ ကျော် ကိုဗစ်ရောဂါ ကူးစက်ခံနေရတယ်လို့ ထိုင်း တောင်ပိုင်း ဖန်ငမြို့ အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။ ဇွန်လ ၂၇ ရက်နေ့ ထိုင်းကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် လေးထောင်နီးပါးရှိပြီး အတည်ပြုလူနာစုစုပေါင်း နှစ်သိန်း လေးသောင်း လေးထောင်ကျော် ရှိပါတယ်။ ကိုဗစ်ကြောင့် သေဆုံးရသူပေါင်းက ၁,၉၁၂ ဦး ရှိနေပါတယ်။