ထိုင်းရောက် မြန်မာ လုပ်သားတွေအရေး ဆွေးနွေး


2016.01.08
thai-workers-seminar-620.jpg ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပစဉ်
Photo: RFA

ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားတွေ စေလွှတ်ရာမှာ ကျွမ်းကျင်မှုသင်တန်းတွေပေးဖို့၊ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သွားတဲ့ အလုပ်သမားတွေ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရဖို့နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ရဲ့ အခွင့်အရေးတွေရရှိဖို့အတွက် ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက် က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေက ဒီနေ့ကစပြီး ရွှေ့ပြောင်း အလုပ်သမားအရေး ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲပထမနေ့မှာ မြန်မာအစိုးရဘက်က တင်ပြဆွေးနွေး ခဲ့တာနဲ့ ပတ်သက်ပြီး အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခုလိုပြောပါတယ်။

"အလုပ်သမားတွေ စေလွှတ်တဲ့အခါမှာ ကျွမ်းကျင်မှုသင်တန်းတွေပေးပြီး စေလွှတ်မယ့်ကိစ္စတွေ၊ အလုပ်သမားတွေ ကာကွယ်စောင့်ရှောက်မယ့်ကိစ္စတွေ၊ သက်တမ်းလွန်နေထိုင်တဲ့အတွက် အလုပ်သမားတွေ ပြန်လွှတ်မယ်ဆိုတဲ့ကိစ္စရပ်တွေမှာ အလုပ်သမားတွေကိုပြောတာလား သူ့နိုင်ငံထဲ မှာရောက်နေတဲ့ တခြားလူမျိုးပေါင်းစုံကိုပြောတာလား အဲ့ဒါလေးတွေပါတယ်"

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ချမှတ်ခံရပြီးနောက် ဆန္ဒပြမှုတွေဖြစ်လာတဲ့ အတွက် ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်မှု ယာယီရပ်ဆိုင်းခဲ့ပြီး ဒီရက်ပိုင်းအတွင်း ပြန်လည်စေလွှတ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ပြန်တဲ့အလုပ်သမားတွေကို ထိုင်းရဲတွေက ငွေတောင်းခံတာတွေ၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်အားခအပြည့်အ၀ မရတာတွေ၊ အလုပ်ရှင်တွေရဲ့ ပယောဂကြောင့် မြန်မာအလုပ်သမားတွေ မကြာခဏ ဖမ်းဆီးခံရတာတွေ စတဲ့ ပြဿနာတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိစ္စကိုလည်း ဆွေးနွေးသွားမယ် လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစပြီး ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ တရားဝင်နဲ့ တရားမဝင် မြန်မာအလုပ်သမား ၃သန်းနီးပါးရှိတယ်လို့လည်း သိရပါတယ်။

နှစ်ရက်ကြာဆွေးနွေးပွဲကို မြန်မာအစိုးရဘက်က အလုပ်သမား၊ အလုပ်ကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံဘက်က အလုပ်သမားရေးရာဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်က ဦးဆောင်ဆွေးနွေးခဲ့တဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကို RFA သတင်းထောက် ကိုဘုန်းမြတ် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။