မြန်မာအစိုးရဆောင်ရွက်ချက်တွေအပေါ် ICG အဖွဲ့ သုံးသပ်အစီရင်ခံ


2018.08.29
assk-philippine-summit-622 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂ဝ၁၇ နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပသည့် ကုလသမဂ္ဂ- အာစီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်- နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်။
(Photo: Linus Escandor II/Pool/ AFP)

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းတစ်ဝက်အတွင်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က သြဂုတ်လ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အစိုးရ ၅ နှစ်သက်တမ်း ထက်ဝက်ကျိုးလာချိန်မှာ မြန်မာနိုင်ငံဟာ လမ်းဆုံလမ်းခွကို ရောက်နေပြီး၊ စစ်တပ်ရဲ့ ရက်စက်တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ကြီးမားတဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။

နိုင်ငံရေးမှာတင်မက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကစလို့ စီးပွားရေးကဏ္ဍ အထိ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် အစိုးရဟာ မဟာဗျူဟာချမှတ်ရာမှာပဲဖြစ်ဖြစ်၊ မူဝါဒအကောင် အထည်ဖော်ရာမှာပဲဖြစ်ဖြစ် ကျွမ်းကျင်မှုမရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ရိုဟင်ဂျာအရေးဖြစ်စေ၊ တခြားပြဿနာတွေကိုဖြစ်စေ အပြုသဘော ဖြေရှင်းချင်တဲ့ နိုင်ငံရေးဆန္ဒ ရှိတယ်ဆိုရင်တောင် တိုးတက်မှု အနည်းအကျဉ်းသာ ရှိနိုင်ကြောင်း၊ ပြင်ပ ဖိအားတွေ ထပ်တိုးလာနိုင်သလို ဒီဖိအားတွေကို အဓိပ္ပါယ်ရှိ တဲ့ ဆောင်ရွက်ချက်တွေအဖြစ် ပြောင်းလဲပစ်ဖို့အတွက် မှန်ကန်တဲ့ သံတမန်ရေးရာ ပူးတွဲဆောင်ရွက်မှုတွေ မရှိမဖြစ်လိုအပ်ကြောင်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရဟာ စစ်အုပ်ချုပ်မှုကနေခွဲထွက်ဖို့ ကြိုးစားနေတဲ့ အရေးပါတဲ့ အပြောင်းအလဲ သက်တမ်းရဲ့ တဝက်ကို ရောက်လာပြီဖြစ်ပေမယ့် ထိရောက်မှုမရှိတဲ့ အုပ်ချုပ်ရေးနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို အင်အားသုံးတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက် နေတာတွေကြောင့် စိတ်ပျက်စရာအစိုးရတစ်ခု ဖြစ်နေတယ်လို့ ICG အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ စီးပွားရေးကဏ္ဍကစလို့ တိုင်းရင်းသားလက်နက်ကိုင် ကိစ္စအဆုံး ပြေလည်အောင်ဖြေရှင်းဖို့ နည်းဗျူဟာ မချမှတ်နိုင်တာ၊ ဒါမှမဟုတ် ခက်ခဲတဲ့ဆုံးဖြတ်ချက် တစုံတရာချဖို့ ဆန္ဒမရှိသလို ဖြစ်နေပြီး ရိုဟင်ဂျာပြသနာမှာဆိုရင် ဘယ်လိုဖြေရှင်းမယ် ဆိုတာကိုတောင် သေသေချာချာ ဆုံးဖြတ်ထားပုံ မရဘူးလို့လည်း ဆိုပါတယ်။

NLD အစိုးရ အတွက် “မူဝါဒရေးရာစိမ်ခေါ်မှု” ဟာ လူသားမျိုးနွယ်ထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ခံယူချက်မှန်မှန်ရပ်တည်ရင်း တချိန်ထဲမှာပဲ လက်ဆုတ်လက်ကိုင်ရှိတဲ့ ပြောင်းလဲတိုးတက်မှုရအောင် ကြိုးစားဖို့ ဖြစ်ပါတယ်၊ ပြင်ပဖိအားတွေ အရေးကြီးတာမှန်ပေမယ့် အဲဒါတွေချည်းသက်သက်နဲ့ အဖြေရှာလို့ရအောင် မလုပ်ပေးနိုင်ပါဘူး။ ဒီဖိအားတွေကို အဓိပ္ပါယ်ပြည့်ဝတဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖော်ဆောင်ဖို့ဆိုရင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာနဲ့ အားကောင်းတဲ့ သံတမန်ရေးရာ ချိတ်ဆက်ဆောင်ရွက် မှုတွေ လိုအပ်ပါတယ်လို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။