မြန်မာတွေကိုလူမှောင်ခိုကူးတဲ့ ထိုင်းတချို့ဖမ်းမိ
2015.05.16
ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖုန်ခရိုင်၊ ထာဆေးမြို့နယ်၊ ထမ်ဘွန်ဟင်းကဲရောက် ရွာသူကြီးကို မြန်မာနိုင်ငံသား ၇၄ ယောက် လူမှောင်ခိုမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးလိုက် တယ်လို့ The Nation သတင်းစာမှာ ဒီနေ့ ဖော်ပြလိုက် ပါတယ်။
အခုမေလအစောပိုင်းမှာ အဲ့ဒီလူတွေကိုခေါ်လာပြီး၊ သူတို့ဆီက အဖိုးတန်ပစ္စည်းတွေ လုယက်ယူဆောင် လိုက်တဲ့အပြင် တောထဲမှာပစ်ထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီထဲက အသက် ၁၈ နှစ်နဲ့ ၂ဝ ကြား မြန်မာ မိန်းကလေး ၃ ယောက်ကိုလည်း လူမှောင်ခိုသမားတွေ က အဓမ္မပြုကျင့်လိုက်တယ်လို့ ဆိုပါတယ်။
ဒီအမှုအတွက် ချမ်ဖုန်တရားရုံးက လူ ၄ ယောက်ကို အလိုရှိကြောင်း ကြာသပတေးနေ့က ဖမ်းဝရမ်း ထုတ်လိုက်တဲ့အထဲမှာ အသက် ၅၂ နှစ်အရွယ်အဲ့ဒီ ရွာသူကြီးပါဝင်နေတာ ဖြစ်ပါတယ်။
အလားတူ ဆူဖန်ဘူရီခရိုင်က ကာရာအိုကေဆိုင်တစ်ဆိုင်ကို သောကြာနေ့မနက် လင်းအားကြီးအချိန်လောက်က ရဲကဝင်ရောက်စီးနင်းရှာဖွေတဲ့အခါ အသက် ၂ဝ ကနေ ၃ဝ ကြား မြန်မာအမျိုးသမီး ၁ဝ ယောက်ဝန်းကျင်နဲ့ အသက် ၁၈ နှစ်အောက် မြန်မာမိန်းကလေး ၄ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ အဲ့ဒီဖြစ်ရပ်အတွက် ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးကိုလည်း ခွင့်ပြုချက်မဲ့ ကာရာအိုကေဘားဆိုင်ဖွင့်မှု၊ ကြေးစားအမျိုးသမီးတွေထားရှိမှု၊ လူမှောင်ခိုမှုတွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ အဲ့ဒီအမျိုးသမီးတွေဟာ သူတို့ကိုခေါ်လာတဲ့လူကို ထိုင်းနိုင်ငံကို ခေါ်လာပေးခအဖြစ် ဘတ်ငွေ ၅ သောင်း အကြွေးဆပ်ရမှာဖြစ်တဲ့အတွက် အခုလို ပြည့်တန်ဆာအလုပ် ဝင်လုပ်နေကြတာလို့ သိရပါတယ်။