မြန်မာနိုင်ငံမှာ ဒေါ်လာဘီလီယံနဲ့ချီ ဆောက်လုပ်ရေးစီမံကိန်းတွေ ရပ်ဆိုင်းနေ
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများအပြားပါဝင်တဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ရပ်ဆိုင်းနေပါတယ်။
ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိတဲ့ စီမံကိန်းကြီး အနည်းဆုံး ၃ ခုကို ရပ်ဆိုင်းထားရကြောင်း ဂျပန်သတင်းဌာန Nikkei Asia က ဂျပန်ကုမ္ပဏီတွေကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။
စီးပွားရေးလုပ်ငန်းသုံး ဆောက်လုပ်ရေးစီမံကိန်းတွေအတွက် အဓိက ဝင်ငွေရပေါက်ဖြစ်တဲ့ လူလတ်တန်းစားတွေနဲ့ နိုင်ငံခြားသားခရီးသွားတွေထံက ဝင်ငွေမရနိုင်ဘဲဖြစ်နေချိန်မှာ စီမံကိန်းတွေ ရပ်ထားရတာ ဖြစ်ပါတယ်။
ရပ်ဆိုင်းထားရတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Y စီမံကိန်းဟာဆိုရင် ရန်ကုန်မြို့လယ်က တစ်ချိန်က စစ်တပ်ရဲ့ ပြတိုက်အဖြစ် အသုံးပြုခဲ့တဲ့နေရာမှာ ဆောက်လုပ်နေတာပါ။ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေနဲ့ ဟိုတယ်တွေ ပါဝင်တဲ့ စီမံကိန်းကိုတော့ ဂျပန်နိုင်ငံက Daiwa အိမ်ခြံမြေလုပ်ငန်း လက်အောက်ခံ Fujita အိမ်ခြံမြေလုပ်ငန်း Tokyo Tatemono ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ပြည်ပအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (JOIN) နဲ့ မြန်မာကုမ္ပဏီ ဧရာဟင်္သာတို့ ပူးတွဲလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
နိုင်ငံခြားသား အများအပြားနေထိုင်တဲ့ ရန်ကုန်မြို့လယ်က စီမံကိန်းဟာ ၇ဝ ရာခိုင်နှုန်း ပြီးစီးထားပြီး၊ ဒေါ်လာသန်း ၃၃ဝ တန်ဖိုးရှိတဲ့ စီမံကိန်းကို ပြီးခဲ့တဲ့နှစ်ထဲ အပြီးသတ်ဖို့ မူလက စီစဉ်ထားတာပါ။
ဒါပေမဲ့လည်း Tokyo Tatemono ကုမ္ပဏီက ဒီစီမံကိန်းမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်ထဲ ဂျပန်ယန်းငွေ ၆.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၉.၂ သန်း) အရှုံးပေါ်ခဲ့ကြောင်းနဲ့ လုပ်ငန်းကို လုံးဝရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပါတယ်။
Daiwa အိမ်ခြံမြေလုပ်ငန်းကလည်း အလားတူ မတ်လ ၂ဝ၂၂ အထိ ဘဏ္ဍာနှစ်မှာ ဂျပန်ယန်းငွေ ၉ ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။ JOIN ကော်ပိုရေးရှင်းကတော့ လျှို့ဝှက်ရမယ့် ကိစ္စအဖြစ် ဆုံးရှုံးမှုတွေကို ထုတ်မပြောပါဘူး။
JOIN ကော်ပိုရေးရှင်းက တစ်စိတ်တစ်ပိုင်း ရင်းနှီးမြှုပ်နှံထားပြီး၊ ဂျပန်ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Kajima ပါဝင်တဲ့ ရန်ကင်းမြို့နယ်က ရုံးခန်းတွေ၊ ဆိုင်တွေ၊ ဟိုတယ်တွေ ပါဝင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းဟာလည်း ဇူလိုင်လကုန်မှာ စီမံကိန်းပြီးဆုံးဖို့ သတ်မှတ်ထားပေမယ့် အခုအခါ ရပ်ထားရပါတယ်။ မတ်လမှာ အဆုံးသတ်ခဲ့တဲ့ ဘဏ္ဍာနှစ်မှာ စီမံကိန်းကြောင့် ဆုံးရှုံးမှု ဂျပန်ယန်းငွေ ၁၆ ဘီလီယံ ရှိခဲ့ကြောင်းလည်း Kajima က ကြေညာထားပါတယ်။
မြန်မာနိုင်ငံက ရိုးမအုပ်စုနဲ့ ဂျပန်နိုင်ငံက Mitsubishi လုပ်ငန်းကြီးတို့ ပူးတွဲလုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က ရိုးမစင်တာဟာဆိုရင်လည်း အိမ်ခန်းတွေ၊ ရုံးခန်းတွေ၊ ဆိုင်တွေနဲ့ ဟိုတယ်ခန်းတွေ ပါဝင်ပြီး စစ်အာဏာ မသိမ်းခင် အချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်ကောင်းကောင်း လုပ်ခဲ့တာပါ။
ဒီစီမံကိန်းနဲ့ကပ်လျက်ရှိနေတဲ့ ကိုလိုနီခေတ်ပုံစံ ဘူတာကြီးကို ပြန်လည်မွမ်းမံ တည်ဆောက်နေတဲ့ ဟောင်ကောင်နဲ့ ရှန်ဟိုင်းဟိုတယ်လုပ်ငန်းရဲ့ ဒေါ်လာသန်း ၁၃ဝ တန် Peninsula Yangon စီမံကိန်းဟာလည်း ကုန်ဆုံးသွားတဲ့ ဘဏ္ဍာနှစ်မှာ စီမံကိန်းကြောင့် ၈၇ သန်း အရှုံးပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ခါးခါးသီးသီး ဖြစ်နေကြပြီး လက်နက်ကိုင် ဆန့်ကျင်အုံကြွမှုတွေလည်း ပေါ်ပေါက်နေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ လုပ်ငန်းတွေ စိတ်ချရမှု ရှိ မရှိ ဆန်းစစ်နေကြရပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ခြံမြေ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေ ရပ်ဆိုင်းထားရတာကြောင့် အလုပ်အကိုင် လက်လွတ် ဆုံးရှုံးမှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် အချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်သမား ၁.၁ သန်းလောက် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ၃ဝ ရာခိုင်နှုန်းလောက်ရှိတဲ့ သုံးသိန်းခွဲလောက် အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။