ကုလားတန်မြစ်ကြောင်း စီမံကိန်း ချင်းနဲ့ ရခိုင်ကို အကျိုးပြုမည်ဆို


2015.10.27
kalardan-river-project-620.jpg ကုလားတန်မြစ်ကြောင်း စီမံကိန်းရဲ့ နောက်ဆုံးအခြေအနေတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူတွေက စစ်တွေမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က ဒေသခံတွေကို ရှင်းပြစဉ်
Photo:Min Thein Aung/RFA

အိန္ဒိယ-မြန်မာကုန်သွယ်ရေး လမ်းကြောင်းသစ်တစ်ခုဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို အကျိုးပြုမယ် လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တာဝန်ရှိသူတွေက  ပြောကြားလိုက်ပါတယ်။

ဒီ စီမံကိန်းရဲ့ ရေ လမ်းကြောင်းဟာ အခုအချိန်မှာ ၇၅ ရာခိုင်နှုန်းလောက်အထိ ပြီးစီးနေပြီဖြစ်ပြီး လာမယ့်နှစ် မတ်လမှာ အပြီးသတ်သွားမှာဖြစ်တယ်လို့လဲ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေကို စီမံကိန်းအကြောင်း ရှင်းပြရာမှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အထွေထွေမန်နေဂျာ ဦးနီအောင်က ထည့်သွင်းပြောသွားပါတယ်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားကနေ ရခိုင်ပြည်နယ် ကုလားတန်မြစ် ကိုအသုံးပြုပြီး အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေကို ကုန်စည်တွေ သယ်ယူပို့ဆောင်ပေးမယ့် စီမံ ကိန်းဖြစ်ပါတယ်။

ကုလားတန်မြစ်ကြောင်း စီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝမြို့ဆိပ်ကမ်း တွေ ပြီးစီးတော့ မှာဖြစ်ပေမယ့် ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံကို ဆက်သွယ်ဖောက်လုပ်မယ့် မော်တော်ကားလမ်းကတော့ နောက်ထပ် အချိန် ၃ နှစ် လောက် ကြာဦးမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းတွေ ပြီးစီးသွားတဲ့အခါ မှာ တန်ချိန် နှစ်သောင်းရှိတဲ့ ကုန်တင် သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တော့ မှာဖြစ်သလို ဒေသခံ ၃၀၀ လောက်အလုပ်အကိုင်တွေ ရရှိဖို့ မျှော် လင့်ထားတယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းဟာ အိန္ဒိယနိုင်ငံနဲ့သာမက အခြားနိုင်ငံတွေနဲ့ပါ တိုက်ရိုက်ကုန်သွယ်မှု တွေ ပြုလုပ်နိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီစီမံကိန်းတစ်ခုလုံးကို အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၄၈၀ လောက် အကုန်အကျခံ ဆောက်လုပ်နေတာဖြစ်ပါတယ်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းရဲ့ နောက်ဆုံးအခြေ အနေတွေကို RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။