ရခိုင်ပြည်နယ်က ရေနံနဲ့သဘာဝသယံဇာတ စီမံကိန်းတွေ ရပ်တန့်ဖို့ AOW တောင်းဆို

လုဆိုင်း
2020.07.08

အစိုးရနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက သာဝသယံဇာတထုတ်ယူမှုဟာ ပဋိပက္ခတိုးပွားစေတဲ့အတွက် ရပ်တန့်ဖို့  ရန်ကုန်မြို့ အခြေစိုက် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)က ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေတဲ့ သဘာဝသယံဇာတတူးဖော်မှုတွေဟာ စစ်ပွဲတွေကိုပိုဖြစ်ပွားစေပြီး ရခိုင်ပြည်သူတွေကို ခိုကိုးရာမဲ့ဘဝရောက်အောင် ထပ်တွန်းပို့ပေးနေသလိုဖြစ်တာကြေင့်  ဒီစီမံကိန်းတွေကို ရပ်တန့်ပေးဖို့ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (AOW) က တောင်းဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AAတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ရေနံတူးဖော်မှုတွေဟာ ပင်လယ်ရေနက်ထဲမှာ တူးဖော်နေတဲ့အတွက် ထောက်ပြတာလို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။

မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက ဌာနေ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ ဒေသတွင်းက သယံဇာတတွေကို အတင်းအဓမ္မ တူးဖော်ထုတ်ယူနေတာကြောင့် ရပ်တန့်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ရခိုင်မှာရှိတဲ့ စီမံကိန်းတွေကို ၂၀၀၈ ဖွဲ့စည်းပုံအရ ဗဟိုကပဲ ဆုံးဖြတ်တယ်။ ဗဟိုကပဲ စီမံတယ် သုံးစွဲတယ်။ လုပ်ချင်သလိုလုပ်တယ်။ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေမရှိဘူး"


ရခိုင်မှာ မြန်မာအစိုးရခွင့်ပြုချက်နဲ့ လုပ်နေတဲ့ သြစတေးလျနိုင်ငံက ရေနံတူးဖော်မှု စီမံကိန်းကြီးတွေ မရပ်ဆိုင်းဘူးဆိုရင် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ သြစတေးလျအစိုးရကို တင်ပြသွားမယ်လို့လည်း AOW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီစီမံကိန်းတွေ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေလည်း ရှိလာမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံခြားကုမ္ဗဏီ ၁၃ ခု ရင်းနှီးမြှုပ်နှံခဲ့ပြီး Australia Woodside Energy နဲ့  French Tatal ရေနံကုမ္ဗဏီတွေဟာ ရေနံရှာဖွေရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေပြီး အသစ်တွေ့ရှိတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေက ထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနဲ့ တရုတ်နိုင်ငံတွေဆီ တင်ပို့ဖို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက လက်မှတ်ထိုးသဘောထူထားတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် က စပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေအတွင်း  အရပ်သားပြည်သူ အနည်းဆုံး တရာ့ငါးဆယ်ကျော် သေဆုံးခဲ့ပြီး ငါးရာကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊  ကျေးရွာပေါင်း ၂၀၀ ကျော်က ရခိုင်နဲ့ ချင်းရွာသားပေါင်း ၂သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသ စစ်ရေးတင်းမာမှုတွေကြောင့် သံသယနဲ့ ဖမ်းဆီးခံရသူတွေလည်း ရာနဲ့ချီရှိနေတယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။