ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီပြော
2023.12.26

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်မဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေတယ်လို့ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောလိုက်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးတဲ့ အခမ်းအနား သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စီမံကိန်းစတင်တည်ဆောက်နိုင်ဖို့အတွက် ပထဝီမြေမျက်နှာသွင်ပြင် တိုင်းတာတဲ့လုပ်ငန်းတွေ အားလုံးပြီးစီးနေပြီဖြစ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှု၊ နစ်နာမှုဆိုင်ရာဆန်းစစ်ချက် EIA၊ SIA စစ်တမ်းတွေကိုလည်း ဆောင်ရွက်နေပြီး ၈၅ ရာခိုင်နှုန်း ပြီးနေပြီလို့လည်း ဦးအောင်နိုင်ဦးက ပြောပါတယ်။
စီမံကိန်းရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ နေရာအများစုမှာ မြန်မာနိုင်ငံသားတွေကို ခန့်အပ်သွားဖို့လည်း ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နဲ့ နယ်မြေထိစပ်နေတဲ့ ရမ်းဗြဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဒီလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် ကျောက်ဖြူမှာအကောင်အထည်ဖော်မဲ့ စီမံကိန်းတွေဟာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်သေးဘူလို့ တရုတ်စီမံကိန်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ ရခိုင်ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကိန်းစီမံကိန်းဟာ ဒေသခံရေလုပ်သားတွေရဲ့ လုပ်ငန်းတွေကို ထိခိုက်နိုင်တာကြောင့် ကန့်ကွက်တာတွေရှိတဲ့အပြင် ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း စီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိဘူးဆိုပြီး ဝေဖန်နေကြပါတယ်။
ဒါပေမဲ့ ဦးအောင်နိုင်ဦးကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဒေသခံတွေက လိုလိုလားလားရှိပြီး အမြန်အကောင်အထည်ဖော်ဖို့ တောင်းဆိုတာတွေရှိတယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
နှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်မဲ့စီမံကိန်းကို မြန်မာနိုင်ငံက သုံးဆယ်ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံက ခုနစ်ဆယ်ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အပိုင်းလေးခုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ကွန်တိန်နာတင်သင်္ဘောရပ်နားနိုင်တဲ့ ဆိပ်ခံတံတား ဆယ်ခုပါဝင်မှာဖြစ်ပါတယ်။ စီမံကိန်းပြီးသွားရင် တစ်နှစ်ကို ပေ နှစ်ဆယ် ကွန်တိန်နာ အလုံးရေ ခုနစ်သန်း အတင်အချလုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းပြီးသွားတဲ့အခါ မြန်မာနိုင်ငံက ထွက်တဲ့ ကုန်စည်တွေကို ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ ဥရောပ၊ တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေကို တိုက်ရိုက်တင်ပို့သွားနိုင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံကနေ နိုင်ငံတကာကို တင်ပို့နေတဲ့ကုန်စည်တွေဟာ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကို ပို့ပြီး အဲဒီကနေ တစ်ဆင့်တင်ပို့နေရတာလို့ဆိုပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ နှစ်နိုင်ငံ သဘောတူစာချုပ် စတင်ချုပ်ဆိုခဲ့တာပါ။ အဲဒီစာချုပ်ရဲ့ နောက်ဆက်တွဲစာချုပ်ကို နေပြည်တော်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ထပ်မံချုပ်ဆိုခဲ့တာဖြစ်ပါတယ်။