မြန်မာလှေသမား ခြောက်ဦးကို မှောင်ခိုမှုနဲ့ ထိုင်းအဏာပိုင်တွေ ဖမ်းဆီး
2024.12.14

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ ရေထွက်ကုန်ပစ္စည်းတွေ တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေ တစ်စီးနဲ့ လှေသမား ခြောက်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဒီဇင်ဘာလ ၁၄ ရက်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဆားသိပ်ထားတဲ့ ပုစွန်တွေပါဝင်တဲ့ ပလတ်စတစ်အိတ် ၂၀၀၀ ကျော် သယ်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ရနောင်းမြို့ ဆိပ်ကမ်းမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လှေပေါ်ပါလာသူတွေမှာ ထိုင်းနိုင်ငံဘက်ကို ရေထွက်ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် ခွင့်ပြုချက်လက်မှတ် မရှိတဲ့အတွက် ထိုင်းအာဏာပိုင်တွေက အခုလို ဖမ်းဆီးခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။
မြန်မာငါးဖမ်းလှေပေါ်က လှေသမား ခြောက်ဦးကို ရနောင်းမြို့ ပတ်ခ်နမ်း ရဲစခန်းကို လွှဲပြောင်းပေးပြီး မှောင်ခို ကုန်ပစ္စည်းသယ်ဆောင်မှုနဲ့ ဥပဒေအရ အရေးယူဖို့ ဆက်လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့က ရနောင်းမြို့ တစ်ဖက်ကမ်း ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းစက်လှေနဲ့ လှေပေါ်မှာပါတဲ့ ထိုင်းနိုင်ငံသား လေးဦးကို စစ်ကောင်စီက ဖမ်းဆီးထားတာ နှစ်ပတ်ကျော်လာပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက် ဆွေးနွေးဖို့ရှိနေချိန်မှာ အခုလို ဖမ်းဆီးမှုဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။