ကုလလူ့အခွင့်အရေးကောင်စီရဲ့ စုံစမ်းရေးကို မြန်မာကန့်ကွက်


2019.03.01
hau-do-suan-622.jpg ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကို တွေ့ရစဉ်
Photo: AP Photo/Mary Altaffer

ရိုဟင်ဂျာတွေ အကြမ်းဖက်နှိပ်စက်မောင်းထုတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ရပ် တည်ထောင်လိုက်တာကို မြန်မာအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ တံခါးဖွင့်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောလိုက်တာပါ။

ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအပေါ် အရင်က မရှိခဲ့ဖူးတဲ့ ခွဲခြားဆက်ဆံတဲ့ စောင့်ကြည့်လေ့လာမှုတွေမှာ နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

အခုဆိုရင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်အရ ပြန်လာချင်တဲ့သူတွေကို လက်ခံဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်နေသလို ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ဆိုရင် ကာယကံရှင်တွေကိုယ်တိုင် သတ်မှတ်ချက်တွေအတိုင်း လျှောက်ထားဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ARSA အဖွဲ့ဟာ သက်ဝင်လှုပ်ရှားနေဆဲဖြစ်ပြီး ဒုက္ခသည်တွေအပေါ် အကြမ်းဖက်နေတဲ့ သတင်းတွေကို ဒေသခံမီဒီယာတွေမှာ ဖော်ပြခဲ့ကြတဲ့အကြောင်းနဲ့ မြန်မာပြည်ပြန်ချင်တဲ့သူတွေကို ARSA အဖွဲ့က ခြိမ်းခြောက်နေတဲ့အကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ဒါပေမယ့် အဲဒီရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စဟာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာ မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကူညီတဲ့နိုင်ငံတွေကို ကျေးဇူးတင်သလို ကုလသမဂ္ဂနဲ့ မိတ်ဆွေနိုင်ငံတွေကို ဆက်ပြီးလက်တွဲသွားမယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။