မြန်အောင် ဒေသခံခြောက်ဦး PDF ဆက်သွယ်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ
2024.08.27

ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံခြောက်ဦးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၅ ရက် ညမှာ ဖမ်းဆီးလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ် သူတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ငါးဆယ် ဝန်းကျင်ကနေ အသက် ခြောက်ဆယ်ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး မြန်အောင်မြို့ပေါ်က ဦးဝင်းဆွေ၊ ဦးမောင်မောင်၊ ဦးတင်ဝင်းနဲ့ တဲကြီးကုန်းရွာက ဦးဆန်နီ၊ ဦးလှဌေး တို့ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို မြန်အောင်မြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီညက ၁၁ နာရီလောက်မှာ စစ်တပ်က ခေါ်ယူမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းသွားတာ။ အခုက ရဲစခန်းမှာပေါ့နော်။ ရဲစခန်းမှာ အဲဒီညကတည်းက ရောက်နေတယ်။ အခုအချိန်အထိ အိမ်ကမိသားစုက လိုက်လို့မရဘူးဖြစ်နေတယ်”
ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ မိသားစုဝင်တချို့က ဩဂုတ်လ၂၆ ရက်နေ့မှာ မြန်အောင်မြို့မ ရဲစခန်းကို ရောက်ခဲ့ပေမဲ့ အဖမ်းခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဩဂုတ်လ ၂၇ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာ လူငယ်လေးဦးကို လက်နက်တွေနဲ့အတူ တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၆ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ သိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက လူနှစ်သောင်းကျော် (၂၇၂၄၆ ဦး) ဖမ်ဆီးခံထားရပြီး အဲဒီအထဲက လူကိုးထောင်ကျော် (၉၃၄၁ ဦး) က ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။