လူနေရပ်ကွက်ထဲ နေရာချထားပေးဖို့ မြိုင်ကြီးငူ ဒုက္ခသည်တွေ မျှော်လင့်

စောညွန့်သောင်း
2021.01.23

မြိုင်ကြီးငူစခန်းနဲ့ ကပ်လျက်မှာရှိတဲ့ မြိုင်ကြီးငူ ရပ်ကွက်သစ်ဖြစ်တဲ့ သစ္စာမြိုင်ရပ်ကွက်နဲ့ ဖွံ့ဖြိုးမြိုင် ရပ်ကွက်တွေမှာ စစ်ဘေးဒုက္ခသည်တွေကို နေရာပြန်လည်ချပေးဖို့ ပြည်နယ်အစိုးရက စီစဉ်နေတာပါ။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ကရင်ပြည်နယ်၊ မဲသဝေါဒေသမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ ခွဲထွက် DKBA အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် ဒေသခံ စုစုပေါင်း လေးထောင်ကျော်က မြိုင်ကြီးငူက စစ်ဘေးဒုက္ခသည် စခန်းနှစ်ခုကို ထွက်ပြေးလာကြတာပါ။

ထွက်ပြေးလာသူတွေဟာ မဲသဝေါဒေသ ထီနောထ၊ ဘော်သရော်၊ ထီထာထ၊ ကျောက်တန်၊ တမိုဖိုး၊ မယ်တော်ကျိုးစတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေဖြစ်ပါတယ်။ အဲဒီဒုက္ခသည် လေးထောင်ကျော်ကို အစိုးရက နေရာချထားပေးဖို့ စီစဉ်နေတာပါ။

စစ်ဘေးဒုက္ခသည် နန်းမူမူက အစိုးရ နေရာချထားပေးမယ့်အစီအစဉ်ကို မျှော်လင့်နေပါတယ်။

“တစ်ဦးကို ပိုက်ဆံ သိန်း ၃၀ ထုတ်ပေးမယ်။ သွပ်မိုးပေးမယ်။ နောက် သွပ်၊ သံလည်းပေးမယ်။ အိမ် အုတ်ခုံလုပ်ဖို့ ဘိလပ်မြေလည်း ပေးမယ်လို့လည်း ပြောနေကြတယ်။ အခုကလည်း ဘာမှလည်း မထူးခြားလာသေးဘူး။ ဘာဖြစ်လည်းဆိုတော့ မြေနေရာလိုက်ကြည့်တုန်းပဲ ရှိသေးတယ်လေ။ သူတို့ပြော တာကတော့ စခန်းပိတ်သိမ်းဖို့ ဒီနှစ်မှာပဲ လုပ်မယ်လို့ပြောတယ်။ ဒါပေမဲ့ ဖြစ်လာ မဖြစ်လာတော့ သေချာမှုမရှိသေးဘူး။”

နေရာပြန်ချပေးမယ်လို့ ပြည်ထောင်စုအစိုးရဘက်က ပြောထားပေမယ့် လက်ရှိအချိန်အထိတော့ တစ်စုံတစ်ရာ ထပ်ပြောတာမရှိသေးဘူးလို့ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းက RFA ကို ပြောပါတယ်။

“အခုအခြေအနေကတော့ ဘာမှ သတင်းမရသေးဘူး။ မြေကွက်လည်း တိုင်းပြီးသွားပြီး။ မြေက ဧကတွေ ဘယ်လောက်ဘယ်လောက်လဲ တိုင်းပြီးသွားပြီး။ နေရာချထားဖို့ကလည်း ဘာမှလည်း အဖြေပေါ်မလာ သေးဘူး။ ဖွံ့ဖြိုးမြိုင်ရပ်ကွက်တစ်ချက်ရယ်၊ သစ္စာမြိုင်ရပ်ကွက်တစ်ချက်ရယ်။ စခန်းဖျက်သိမ်းပြီး နေရာပြန်လည်ချထား ပေးမှာပေါ့လေ။”

လာမယ့် ဘဏ္ဍာနှစ်အတွင်း နေရာချထားပေးဖို့ စနစ်တကျ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

“မြေနေရာကတော့ သတ်မှတ်ပြီးသွားပြီ။ မြေနေရာ သတ်မှတ်ပြီးသွားပြီးတော့ သက်ဆိုင်ရာလာမယ့် ဘတ်ဂျက်တွေကျရင် ထည့်သွင်းပြီးတော့ လျာထားပြီးတော့ ကျနော်တို့ နီပွန်ဖေါင်ဒေးရှင်းနဲ့ အခြား အဖွဲ့အစည်း တော်တော်များနဲ့ ပူးပေါင်းပြီးတော့ အစီအစဉ်ကျကျ ပြည်ထောင်စုရဲ့ လမ်းညွှန်မှုနဲ့ အတူ ကျနော်တို့ကနေ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိတယ်။ ကျနော်တို့ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားလုပ်ငန်းတွေပေါ့နော် ဒီလူမှုဝန်ထမ်းဘက်က အသက်မွေးမှုနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတွေလည်း ထည့်သွင်းပြီးတော့ ကျနော်တို့တွေ ညှိနှိုင်းပြီး ထည့်သွင်းပြီးတော့ ကျနော်တို့ လျာထားပါတယ်။”

မြေဧက ၂၀ ကျော်မှာ ပြင်ဆင်နေပြီး၊ လိုအပ်ရင် ထပ်မံတိုးချဲ့သွားမယ်လို့လည်း ဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

လက်ရှိ မြိုင်ကြီးငူ ဒုက္ခသည်စခန်း မြေနေရာဟာ သာသနာ့နယ်မြေ ဖြစ်တာကြောင့် စခန်းအနီးက ရပ်ကွက်တွေမှာ နေရာချထားပေးမယ့် အစီအစဉ်ကို ဒုက္ခသည်တွေက လိုလားကြတယ်လို့ စခန်းဥက္ကဋ္ဌ စောထွန်းက ပြောပါတယ်။

“စခန်းလူထုတွေကတော့ သူတို့ကျေနပ်ပါတယ်။ ပြောင်းရွှေ့ချင်ကြတာပေါ့။ အဲဒီနေရာက ဘာဖြစ်လဲ ဆိုတော့ သာသနာနယ်မြေဖြစ်တယ်လေ။ နောက်အလှူအတန်းဖြစ်လာရင်တော့ အဲဒီမြေတွေဟာ ကြာလာရင် မသင့်တော်တော့ဘူးလေ။”

ဒုက္ခသည်တွေ နေရာချထားရေးနဲ့ စခန်းပိတ်သိမ်းဖို့ကိစ္စကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ လောက်က စပြီး အစိုးရက စီစဉ်နေတာပါ။

အဲဒီအချိန်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့ မြိုင်ကြီးငူ ဒုက္ခသည်စခန်းတာဝန်ခံတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

နေရာပြန်လည်ချပေးမယ့် နေရာတွေမှာ စိုက်ပျိုးစားသောက်နိုင်တဲ့ မြေနေရာနဲ့ အသက်မွေးဝမ်းကျောင်း အတွက် အပ်ချုပ်သင်တန်း၊ မုန့်လုပ်သင်တန်း၊ အခြား လက်မှုပညာ သင်တန်းတွေလည်း စီစဉ်ပေးမယ်လို့ ပြည်နယ်အစိုးရက မြိုင်ကြီးငူစခန်းတာဝန်ရှိသူတွေကို အသိပေးထားပါတယ်။

ဒုက္ခသည်တွေဟာ သူတို့ မူလရွာတွေမှာ တိုက်ပွဲတွေ မရှိပေမယ့် မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်လို့ နေရပ်ကို မပြန်လိုကြဘဲ အစိုးရက နေရာချထားပေးမယ့် အစီအစဉ်ကို မျှော်လင့်စောင့်ဆိုင်း နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။