ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စ ညပိုင်းမှာ ဆောင်ရွက်မည် မဟုတ်


2017.12.29
maungtaw-station-622.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့က လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာ ကြမယ့်ဒုက္ခသည်တွေကို ညပိုင်းမှာလက်ခံမှာမဟုတ်ဘူးလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ညဖက်ပိုင်းမှာ အဲဒီဒေသရဲ့ လုံခြုံရေးပိုင်းမှာ စိတ်ချရအောင် ပြည်နယ်အစိုးရအဖွဲ့က လုပ်ထားတာဖြစ်တယ် လို့ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

"ပြန်ဝင်လာမယ့်သူတွေကလည်း ည ၆ နာရီနောက်ပိုင်းထွက်လို့မရတာ ကျန်တဲ့အချိန်မှာ ပိုပြီးတော့ လွတ်လွတ်လပ်လပ်ရှိအောင်ဆိုပြီးတော့ စီစဉ်ထားပါတယ်၊ ညကတော့ ပိုပြီးတော့စိတ်ချရတဲ့ အခြေအနေဖြစ်အောင် လုံခြုံရေးပိုင်းကနေ ဆောင်ရွက်ထားတာဖြစ်မှာပါ’’

နိုဝင်ဘာလက သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ လာမယ့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်ကစပြီး ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရမှာဖြစ်ပါတယ်။

အဲဒီလိုလက်ခံရာမှာ ငါးခူရနဲ့ တောင်ပြိုလက်ဝဲတို့မှာ ဂိတ်စခန်းဖွင့်လက်ခံကာ သတ်မှတ်နေရာချထားပေး မှာဖြစ်ပြီး ရောက်လာသူတွေအနေနဲ့ ညမထွက်ရအမိန့်ကို လိုက်နာရမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က မောင်တောဒေသက လုံခြုံရေးစခန်း ၃၀ ကျော် တိုက်ခိုက်ခံရမှုအပြီး ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူဦးရေသိန်းနဲ့ချီပြီး ထွက်ပြေးသွားကြတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။