အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ် မောင်တောကို သွားရောက် လေ့လာ
2018.11.28

အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ် Ms. Annisa Nurul Wahidah ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ကစပြီး သွားရောက်လေ့လာနေတယ်လို့ သိရပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာ မောင်တောဒေသမှာ မြန်မာအစိုးရက ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေးစခန်း အခြေအနေတွေကို အဓိကသွားရောက်လေ့လာခဲ့ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စတင်ချိန်မှာ လိုအပ်တဲ့ ပူးပေါင်းကူညီမှုတွေကို ဆောင်ရွက်ဖို့ ကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးထားတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ်ရဲ့ မောင်တောခရီးစဉ်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။