ပြန်လာမယ့် ဒုက္ခသည်စာရင်းကို စိစစ်နေဆဲ
2018.02.22
ဘင်္ဂလားဒေ့ရ်ှ အစိုးရက ပြန်လွှတ်မယ့် မွတ်စလင်ဒုက္ခသည် ဦးရေ ၈၀၃၂ ဦးပါဝင်တဲ့ ပထမအသုတ် စာရင်းကို စိစစ်ဖို့အတွက် ရက်သတ္တပတ် နှစ်ပတ် လိုအပ်မယ်လို့ ကယ်ဆယ်ရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီး ဦးဝင်းမြတ်အေးက ပြောဆိုကြောင်း ဒါကာထရီဗြွန်းသတင်းက ဖော်ပြပါတယ်။
နေ့စဉ် တစ်ရက်ကို ဒုက္ခသည် ၃၀၀ လက်ခံသွားမယ်လို့ ပြောဆိုကြောင်းလည်း ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရ်ှကိုဝင်ဖို့ နှစ်နိုင်ငံနယ်စပ်ကြားခံဇုန်အတွင်း ရောက်ရှိနေကြတဲ့ မွတ်စလင် ဒုက္ခသည်တွေထဲမှာ အကြမ်းဖက် အဖွဲ့အစည်းက လူတွေပါဝင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး စိစစ်နေဆဲဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။
တိကျတဲ့သတင်း အချက်အလက်တွေ မရသေးပေမယ့် စိစစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီနှစ်နိုင်ငံ နယ်စပ်မျဉ်းနေရာမှာ ခန့်မှန်းလူဦးရေ ၆ ထောင်ကျော် ရောက်ရှိနေပြီး သူတို့တွေ စားရေး သောက်ရေးအတွက် နိုင်ငံတကာအဖွဲ့ INGO အဖွဲ့တွေက ထောက်ပံ့ပေးနေတယ်လို့လည်း ပြောပါတယ်။
လူနေခွင့်မရှိတဲ့ ဧရိယာမှာရောက်ရှိနေသူတွေရဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ် စပ်အာဏာပိုင် ခရိုင်အဆင့်တာဝန်ရှိသူတွေ တောင်ပြိုလက်ဝဲက အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ဒီအတွင်း ကောက်ဘဇားခရိုင်တွင်းက ကူတူပလောင် ဒုက္ခသည်စခန်းမှာ ဆင်ရိုင်းတစ်ကောင် ဝင်ရောက်တိုက်ခိုက် ခဲ့လို့ ကလေးငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက် သေဆုံးသွားပြီး၊ လူ ၅ ဦး ဒဏ်ရာရခဲ့ခဲ့တယ်လို့ AFP သတင်း က ဖော်ပြပါတယ်။ တဲတစ်ရာလောက်လည်း ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။