မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေ များအသင်းကို ဖွဲ့စည်း
2016.06.06

မြန်မာနိုင်ငံက မွတ်စလင်ဘာသာဝင်တွေ နိုင်ငံသားအခွင့်အရေးဆုံးရံှုးနေတာတွေနဲ့ ခွဲခြားဆက်ဆံ ခံနေရတာတွေ ကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။
တရားဝင်အသင်းအဖွဲ့အဖြစ် ရပ်တည်နိုင်ဖို့ မှတ်ပုံတင်သွားမယ်လို့ အသင်းရဲ့နာယက အဖြစ်တာဝန်ယူထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။
"အသင်းအဖွဲ့ မှတ်ပုံတင်ဖို့ သူတို့ဖွဲ့တဲ့နေ့ကပဲ ဆုံးဖြတ်ချက်ချတယ်၊ ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေအားလုံးကို လည်း တရားဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်မှာဆိုတော့ မှတ်ပုံတင်ပြီးတော့မှ ဆက်ပြီးလုပ်မှာပါ၊ စည်းရုံးရေးပိုင်းတွေကို မှတ်ပုံတင်ပြီးမှ ဆက်ပြီးစည်းရုံးရေးဆင်းမှာပါ၊ နေရာအနှံ့တော့မရှိပါဘူး၊ ဥပမာ မန္တလေး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့ကြီးပြကြီး များတဲ့နေရာမှာရှိနိုင်မှာပါပဲ"
မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
မွတ်စလင်ဘာသာဝင်တွေဟာ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နိုင်ငံသားမှတ်ပုံတင် ရရှိရေးတွေမှာ အခက်အခဲတွေရှိနေပြီး အသင်းအနေနဲ့ အဲဒီလို ကိစ္စမျိုးတွေကို လိုက်ပါကူညီပေးဖို့နဲ့ အကြံဉာဏ်တွေ ပေးဖို့ စီစဉ်ထားပါတယ်။
တစ်နိုင်ငံလုံးမှာ မွတ်စလင်ဘာသာဝင်ရှေ့နေ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အသင်းမှတ်ပုံတင် ရရှိလာတဲ့အခါ မွတ်စလင်ဘာသာဝင် ရှေ့နေတိုင်း အသင်းဝင်ဖြစ်ရေး အတွက် စည်းရုံးသွားမယ်လို့ ဦးကိုနီက ပြောပါတယ်။
မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပထမဆုံး ဖွဲ့စည်းတာဖြစ်ပြီး နာယက အဖြစ် ဦးကိုနီ၊ ဥက္ကဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုတိယဥက္ကဌအဖြစ် ဦးတင်ထွန်းနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ချို တို့က တာဝန်ယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။