စစ်ကောင်စီလက်နက်ကြီးထိလို့ မူဆယ်ဒေသခံတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.07.30
စစ်ကောင်စီလက်နက်ကြီးထိလို့ မူဆယ်ဒေသခံတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် လွယ်ကုန်ရွာမှာ ဇူလိုင် ၂၉ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။

မူဆယ်မြို့နယ် မန်ကန်၊ နမ့်ကတ် ကျေးရွာတွေအနီးမှာ TNLA တပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဇူလိုင် ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သားတွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာထဲ ကျရောက်ပြီး ထိမှန်သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၉ ရက် ညကိုးနာရီလောက်မှာ နမ့်ဖက်ကာ ခလရ (၁၂၃) တပ်စခန်းကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ပန်ကိုင်အုပ်စု နမ့်ခုမ့်ရွာနဲ့ လွယ်ကုန်ရွာထဲကို လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးတစ်လုံးဟာ လွယ်ကုန်ရွာထဲကျခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ယာအေးအိုင်ရဲ့ ရင်အုံနဲ့ဦးခေါင်း ကျည်စထိမှန် သေဆုံးခဲ့တဲ့အပြင် သူ သမီးနဲ့မြေးလည်း မျက်နှာ၊ ပေါင်၊ လက်တွေ ထိမှန်ခဲ့ပြီး ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံမှာ ကုသနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ မိုင်ဆက်၊ နမ့်ကတ်၊ မန်ကန်ကျေးရွာတွေက ဒေသခံတွေလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကို စိုးရိမ်ပြီး မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေပါတယ်။

ဇူလိုင် ၃၀ ရက်နေ့မနက်ကလည်း TNLA နဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန်ကန်နဲ့ နမ့်ကတ်ရွာအနီးက TNLA တပ်စခန်းကို စစ်ကောင်စီတပ်နဲ့ နမ့်ခမ်း မြို့မပြည်သူစစ်အဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နေတာလို့လည်း TNLA တာဝန်ရှိသူတွေက ပြောထားပါတယ်။

စစ်ကောင်စီက ကျေးရွာထဲလက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာနဲ့ လက်ရှိ တိုက်ပွဲအခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။