ကမ္ဘာ့ဘာသာပေါင်းစုံ ညီလာခံ ရန်ကုန်မြို့မှာ စတင်ကျင်းပ


2013.10.01

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာရှိတဲ့ ကမ္ဘာ့ပေါင်းစည်းရေးသိပ္ပံ(IGE) အဖွဲ့တို့ ဦးဆောင်ကျင်းပတဲ့ "လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ညီညွှတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေး" ဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ ညီလာခံကို ရန်ကုန်မြို့  မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

ဘာသာရေးကနေ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရရှိအောင်ဆောင်ရွက်ပြီး မတူကွဲပြားခြားနားသူတွေ အတူအယှဉ်တွဲနေထိုင်ရေးအတွက် ဖြစ်တယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးအေးလွင်က RFA ကို အခုလိုပြောပါတယ်။

"အဓိကက ဘာသာရေးကို အကြောင်းပြုပြီးတော့မှ ဘာသာရေးရဲ့  သွန်သင်မှုချက်များနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေ ဖြစ်နေတယ်၊ အဲဒါတွေကို ပြုပြင်ဖို့အတွက်ပါ၊ ဘာသာရေးကမှ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ လုံခြုံရေးရအောင်လုပ်မယ်၊ ပြီးရင်အတူတကွ အမြင်မတူတဲ့လူတွေ မတူကွဲပြားခြားနားတဲ့လူတွေ စုပေါင်းယှဉ်တွဲပြီး နေထိုင်ရေးဆိုတာကိုသွားမယ်"

ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ ကျင်းပနေတဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က သဝဏ်လွှာတွေပေးပို့ခဲ့ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့ကလည်း သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် သီတဂူဆရာတော် ဒေါက်တာဉာဏိဿရက လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေး ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားခဲ့ပြီး နေ့လည်ပိုင်းမှာ ဘာသာရေးပညာရှင်တွေကက ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။