ဖားကန့်မှာ နွံကန်ပြိုကျမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဆယ်ခန့်ပျောက်ဆုံးနေ

RFA Burmese
2024.03.12
ဖားကန့်မှာ နွံကန်ပြိုကျမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဆယ်ခန့်ပျောက်ဆုံးနေ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် နွံကန်ပြိုကျခဲ့သည့်နေရာအား တွေ့ရစဥ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊ မနရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မတ်လ ၁၂ ရက် ဒီနေ့မနက်အစော လေးနာရီခန့်မှာ နွံကန်ပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်း နှစ်ဆယ်ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

အဲဒီနွံကန်ပြိုကျတဲ့နေရာဟာ ဦးချိုကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ကိုးနာရီအထိ အလောင်းတစ်လောင်း ပြန်လည်တွေ့ရှိထားပြီး ဒဏ်ရာရရှိသူ လေးဦးကိုတော့ ကယ်ထုတ်ထားတယ်လို့ အဲဒီမှာ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။

“အပေါ်က နွံကန် ပေါက်ကျပြီး အောက်က ကျောက်စိမ်းလုပ်ကွက်မှာ လုပ်နေတဲ့သူတွေပါသွားတယ်။ ကုမ္ပဏီက မြေတူးယာဥ် (Backhoe) ကားတွေနဲ့ မောင်းတဲ့သူတွေလည်းပါတယ်။ အခုထိတော့ အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရရတဲ့ လေးယောက်တော့ တွေ့ထားပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ထားတယ်”

လက်ရှိမှာတော့ ကျင်းအနက်ထဲအထိ ရှာဖွေလို့မရသေးတာကြောင့် ဘေးနားတွေကနေပဲ မြေတူးယာဥ် (Backhoe) တွေနဲ့တူးဖော်ပြီး ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသခံတစ်ဦးကလည်း ကျောက်စိမ်းတူးဖော်တဲ့လုပ်ကွက်မှာရှိတဲ့ မိုင်းဆရာ (ကျောက်စိမ်းလုပ်ကွက်မှာ မိုင်းခွဲသူ)၊ မြေတူးယာဥ် (Backhoe) မောင်းသူနဲ့ ကားမောင်းသူ စုစုပေါင်း နှစ်ဆယ်ဝန်းကျင်ပါသွားပြီး အဲဒီအထဲက ဒဏ်ရာရသူလေးဦးကိုတော့ ကယ်ထုတ်ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA ကပြုစုထားတဲ့စာရင်းအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ မြေပြိုမှု ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး သေဆုံးသူ ခြောက်ရာနီးပါးရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။